သက်တံ့
၁၇. ၉. ၂၀၂၆
တရုတ်နိုင်ငံ၏ ဘေဒူး (BeiDou) ဂြိုဟ်တုလမ်းညွှန်စနစ် (BDS) ကို ကမ္ဘာလုံးဆိုင်ရာ မျှဝေသုံးစွဲနိုင်သည့် ဝန်ဆောင်မှုတစ်ခုအဖြစ် တည်ဆောက်ရန် ရည်ရွယ်လျက် ယခုသီတင်းပတ်အတွင်း တရုတ်နိုင်ငံအလယ်ပိုင်း၌ ကျင်းပသည့် ထိပ်သီးအစည်းအဝေးတစ်ခုတွင် ထုတ်ကုန်သစ်များ၊ နည်းပညာများနှင့် အသုံးချမှုများကို မိတ်ဆက်ခဲ့ပြီး ဘေဒူးစနစ်ကို ကမ္ဘာ့ဈေးကွက်အတွင်း ပိုမိုနက်ရှိုင်းစွာ တိုးချဲ့ဆောင်ရွက်လျက်ရှိသည်။
ဟူနန်ပြည်နယ်၊ ဂျူးကျိုးမြို့၌ ကျင်းပသည့် (၅) ကြိမ်မြောက် ဘေဒူးအသုံးချမှုဆိုင်ရာ နိုင်ငံတကာထိပ်သီးအစည်းအဝေးတွင် ဘေဒူးအသုံးချမှုများအတွက် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးနှင့် ဆန်းသစ်တီထွင်မှုအခြေစိုက်စခန်းတစ်ခုကို တရားဝင်ဖွင့်လှစ်ခဲ့သည်။ ထို့ပြင် ပင်လယ်ရပ်ခြား စံပြစီမံကိန်းအချို့ကို တည်ဆောက်သွားရန်နှင့် တရုတ်နိုင်ငံ၏ ဘေဒူးစက်မှုလုပ်ငန်းကို နိုင်ငံတကာဈေးကွက်များနှင့် ချိတ်ဆက်ပေးမည့် ပူးပေါင်းဆောင်ရွက်ရေး မူဘောင်တစ်ခုကို တဖြည်းဖြည်း တည်ဆောက်သွားရန် စီစဉ်ထားသည်။
တရုတ်နိုင်ငံသည် ဘေဒူးနည်းပညာ၊ ထုတ်ကုန်များ၊ စံချိန်စံညွှန်းများနှင့် ဝန်ဆောင်မှုများကို ပင်လယ်ရပ်ခြားသို့ တိုးချဲ့ဖြန့်ကျက်ရေးကို အရှိန်ဟုန်မပျက် ဆောင်ရွက်လျက်ရှိပြီး ယင်းစနစ်ကို ကမ္ဘာလုံးဆိုင်ရာ အခြေခံအဆောက်အအုံများအတွင်း ပေါင်းစပ်ထည့်သွင်းကာ ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်း (Belt and Road Initiative – BRI) နိုင်ငံများ၏ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုလျက်ရှိသည်။
အဆိုပါ ထိပ်သီးအစည်းအဝေးတွင် ထုတ်ပြန်ခဲ့သည့် ဘေဒူးစက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အစီရင်ခံစာတစ်ခု၌ ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာလုံးဆိုင်ရာ ကွန်ရက်ချိတ်ဆက်မှု ပြီးစီးခဲ့ပြီးနောက်ပိုင်း ဘေဒူးစနစ်၏ ကမ္ဘာလုံးဆိုင်ရာ ဝန်ဆောင်မှုပေးနိုင်စွမ်းသည် ဆက်လက်အားကောင်းလာခဲ့ပြီး ကမ္ဘာတစ်ဝန်းတွင် တည်ငြိမ်၊ စိတ်ချရပြီး အစဉ်မပြတ်သော ဝန်ဆောင်မှုများကို ပေးအပ်နိုင်သည့် အခြေခံအုတ်မြစ် တည်ဆောက်ပြီးစီးခဲ့ပြီဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့အတူ ဘေဒူးစနစ်၏ တည်နေရာပြသခြင်း၊ လမ်းညွှန်ခြင်း၊ အချိန်ကိုက်ညှိခြင်းနှင့် စာတိုတို ပေးပို့ဆက်သွယ်ခြင်းဆိုင်ရာ စွမ်းဆောင်ရည်များ ဆက်လက်တိုးတက်လာခဲ့ပြီး သယ်ယူပို့ဆောင်ရေး၊ စိုက်ပျိုးရေး၊ ရေကြောင်းငါးဖမ်းလုပ်ငန်းနှင့် အရေးပေါ်ကယ်ဆယ်ရေးကဲ့သို့သော မြင့်မားသည့် တိကျမှု လိုအပ်သည့် ကဏ္ဍများတွင် ကမ္ဘာလုံးဆိုင်ရာ တိုးချဲ့မှုကို ပိုမိုခိုင်မာစေခဲ့ကြောင်း အစီရင်ခံစာအရ သိရသည်။
လက်ရှိတွင် ဘေဒူးစနစ်ကို အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်းအဖွဲ့ချုပ် (ICAO)၊ အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့ချုပ် (IMO) နှင့် ရှာဖွေကယ်ဆယ်ရေးဆိုင်ရာ နိုင်ငံတကာဂြိုဟ်တုစနစ် (COSPAS-SARSAT) တို့အပါအဝင် နိုင်ငံတကာအဖွဲ့အစည်း ၁၁ ခု၏ စံချိန်စံညွှန်းစနစ်များတွင် အပြည့်အဝ ပေါင်းစပ်ထည့်သွင်းထားပြီး မြို့ပြလေကြောင်း၊ ရေကြောင်းရေးရာနှင့် မိုဘိုင်းဆက်သွယ်ရေးကဲ့သို့သော ပင်မကဏ္ဍများကို လွှမ်းမိုးထားသည်။
စီးပွားရေးလုပ်ငန်း ဝန်ဆောင်မှုများကို ကြီးကြပ်ရသည့် ဟူနန်ပြည်နယ်အစိုးရ အရာရှိ ဂျန်းဂျွန်ဖင်း (Zhang Junping) က ဘေဒူးစနစ်သည် ကုလသမဂ္ဂက အသိအမှတ်ပြုထားသည့် ကမ္ဘာ့ဂြိုဟ်တုလမ်းညွှန်စနစ် လေးခုအနက် တစ်ခုဖြစ်လာခဲ့ပြီး ဆက်စပ်ထုတ်ကုန်များကို နိုင်ငံနှင့် ဒေသပေါင်း ၁၄၀ ကျော်သို့ တင်ပို့ရောင်းချပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။
ရပ်ဝန်းနှင့် လမ်းကြောင်းနိုင်ငံများတွင် ဘေဒူးအသုံးချမှုများနှင့် ထုတ်ကုန်များသည် ဈေးကွက်၏ ၅၈ ရာခိုင်နှုန်းခန့်ရှိကြောင်း ဂျန်းက ထောက်ပြခဲ့သည်။ ၎င်းက ပီရူးနိုင်ငံ စန်ခေး (Chancay) ဆိပ်ကမ်းရှိ စမတ်ဆိပ်ကမ်း လုပ်ငန်းများမှသည် တရုတ်-မော်လဒိုက် ချစ်ကြည်ရေးတံတားပေါ်ရှိ ဘေဒူးစောင့်ကြည့်ရေးစနစ်၊ လာအိုနိုင်ငံရှိ စမတ်စိုက်ပျိုးရေးစနစ်မှသည် ကမ္ဘောဒီးယားနိုင်ငံရှိ တက္ကစီ စေလွှတ်ရေးစနစ်များအထိ စီမံကိန်းများကို ကိုးကားပြောဆိုခဲ့သည်။
ဘေဒူးဂြိုဟ်တုလမ်းညွှန်စနစ် နည်းပညာသည် ပြိုင်ဆိုင်မှုတစ်ခုတည်း မဟုတ်ဘဲ ကမ္ဘာလုံးဆိုင်ရာ တည်နေရာနှင့် အချိန်ပြ စနစ်များကို အတူတကွ ပူးပေါင်းတည်ဆောက်ရန်အတွက် အခြားသော ကမ္ဘာ့ဂြိုဟ်တုလမ်းညွှန်စနစ်များနှင့် ပူးတွဲ တွဲဖက် သုံးစွဲသွားရန် ဘေဒူးဘက်က ဆန္ဒရှိကြောင်း ထိပ်သီးအစည်းအဝေးတွင် ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
ထို့အတူ အာဖရိကနှင့် အရှေ့တောင်အာရှ နိုင်ငံအများအပြားတွင် မြေတိုင်းတာခြင်း၊ သဘာဝဘေးအန္တရာယ် စောင့်ကြည့်ခြင်းနှင့် ငါးဖမ်းလုပ်ငန်း စီမံခန့်ခွဲခြင်းတို့အတွက် စံပြစီမံကိန်းများကို စတင်အကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်သည်။
မြန်မာနိုင်ငံ အာကာသအေဂျင်စီ၏ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးသန့်က မြန်မာနိုင်ငံတွင် ဘေဒူးအသုံးချမှုများအတွက် အထူးသဖြင့် မြင့်မားသည့် တည်နေရာပြသမှု တိကျခြင်း၊ သယ်ယူပို့ဆောင်ရေး၊ စိုက်ပျိုးရေး၊ မြေတိုင်းနှင့် မြေပုံဆွဲခြင်းနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးတို့တွင် ကောင်းမွန်သော အလားအလာများစွာ ရှိကြောင်း ပြောကြားခဲ့သည်။
“မြန်မာနိုင်ငံအနေနဲ့ နည်းပညာစံချိန်စံညွှန်းများ၊ စမ်းသပ်ခြင်းနဲ့ စိစစ်အတည်ပြုခြင်း၊ ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများ၊ စွမ်းဆောင်ရည် မြှင့်တင်ခြင်း၊ နည်းပညာ လွှဲပြောင်းပေးခြင်းနဲ့ လက်တွေ့ကျတဲ့ ဘေဒူးအသုံးချရေး ပရောဂျက်များ ဖော်ဆောင်ရေးတို့မှာ တရုတ်နိုင်ငံ၊ အခြားသက်ဆိုင်သူတွေနဲ့ လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုမိုနက်ရှိုင်းစွာ လုပ်ဆောင်သွားလိုပါတယ်” ဟု ဦးမျိုးသန့်က ဆက်လက်ပြောကြားခဲ့သည်။
ဘေဒူးစနစ်သည် လက်ရှိတွင် နိုင်ငံနှင့် ဒေသပေါင်း ၂၀၀ ကျော်သို့ အချက်ပြလိုင်းများ (Signal) လွှမ်းမိုးပေးထားနိုင်ပြီ ဖြစ်သည်။ ယင်း၏ နိုင်ငံတကာ တိုးချဲ့မြှင့်တင်မှုသည် ကျယ်ပြန့်စွာ တိုးချဲ့သည့် အဆင့်မှ ပိုမိုနက်ရှိုင်းသည့် တန်ဖိုးဖန်တီးမှုအဆင့်သို့ လည်းကောင်း၊ ထုတ်ကုန်များ တင်ပို့သည့်အဆင့်မှ ဂေဟစနစ် တည်ဆောက်သည့် အဆင့်သို့လည်းကောင်း အရေးပါသော ကူးပြောင်းမှုကာလသို့ ရောက်ရှိနေပြီဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
Ref: Xinhua
