◾ ဩဂုတ် ၂၀ ရက် တစ်ရက်တာအတွင်း မိုးရွာသွန်းမှုကြောင့် လူ ၂၁ ဦးသေဆုံး
၂၁.၈.၂၀၂၅
Translated by Htwe Ko Tun
ပါကစ္စတန်နိုင်ငံမှာ မုတ်သုံမိုးရွာသွန်းမှုနဲ့ ဆက်နွှယ်တဲ့ ဖြစ်စဉ်တွေကြောင့် ဩဂုတ်လ ၂၀ ရက်မှာ အနည်းဆုံး လူ ၂၁ ဦး သေဆုံးခဲ့ပြီး နိုင်ငံတစ်ဝန်းရေကြီးမှုနဲ့ မြေပြိုမှုတွေ ဆက်လက်ဖြစ်ပွားနေလျက်ရှိလို့ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း တစ်နိုင်ငံလုံးမှာ သေဆုံးသူ ၄၀၀ ကျော်အထိ တိုးလာခဲ့တယ်လို့ အာဏာပိုင်တွေက ပြောခဲ့ပါတယ်။
အမျိုးသားသဘာဝဘေးစီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့ (NDMA) က ပါကစ္စတန်နိုင်ငံမြောက်ပိုင်းရှိ ဂီလ်ဂစ်-ဘာလ်တီဆန်ဒေသမှာ ဩဂုတ်၂၀ ရက်က မိုးရွာသွန်းမှုကြောင့် ၁၁ ဦးသေဆုံးခဲ့ပြီး ကရာချိမြို့မှာဆိုရင်လည်း လူဆယ်ဦးအထိသေဆုံးရအောင် မိုးသည်းထန်ခဲ့တာလို့ ပြောခဲ့ပါတယ်။
လူဦးရေသန်း ၂၀ ကျော်ရှိ ကရာချိမြို့မှာ ဩဂုတ်လ ၂၃ ရက်တိုင်အောင် မိုးဆက်လက်ရွာနိုင်တယ်လို့ ရာသီဥတုခန့်မှန်းသတိပေးထားပြီး ကျောင်းတွေကိုလည်းပိတ်ထားပါတယ်။ မိုးလေဝသပညာရှင်တစ်ဦးကတော့ အခြေခံအဆောက်အအုံ အားနည်းမှုတွေကြောင့် မြို့ပြဧရိယာတွေမှာ ရေလွှမ်းမိုးမှုတွေဖြစ်ရတယ်လို့ အပြစ်တင်ခဲ့ပါတယ်။ ကရာချိမြို့ရဲ့ သက်တမ်းကြာနေပြီဖြစ်တဲ့ ရေပိုက်လိုင်းတွေနဲ့ ရေနုတ်မြောင်းတွေက ရေလွှမ်းမိုးမှုကို ထိန်းချုပ်နိုင်ဖို့ခက်ခဲပြီး လူနေရပ်ကွက်တွေကိုပါ ရေမြုပ်စေခဲ့တာပါ။
တာဝန်ရှိသူတွေကတော့ ဩဂုတ်လ ၂၀ ရက်မှာ မိုးရွာသွန်းမှုကြောင့် ကရာချိမြို့ရဲ့ ခရိုင်နှစ်ခုအတွင်း အိမ် ၄၀ မှ ၅၀ အထိ ပျက်စီးခဲ့ရတယ်လို့ ပြောခဲ့ကြပါတယ်။
မိုးရွာသွန်းမှုကြောင့် ကရာချိမြို့သို့ လေကြောင်းခရီးစဉ်များလည်း ဖျက်သိမ်းခဲ့ရကာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့အတွင်းဓာတ်လိုက်သေဆုံးမှုနဲ့ အိမ်ပြိုကျမှုတွေ ဖြစ်ခဲ့ရပါတယ်။ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေဖြစ်ခဲ့ပြီး အင်တာနက်နဲ့ ဖုန်းလိုင်းပြတ်တောက်မှုတွေလည်း ဖြစ်ခဲ့ပါတယ်။ ဩဂုတ်လ ၂၀ ရက်က ကရာချိမြို့မှာ မိုးရေချိန် ၁၇၀ မီလီမီတာ ( ၆ ဒသမ ၆၉ လက်မ) အထိရှိခဲ့တယ်လို့လည်း သိရပါတယ်။
ပါကစ္စတန်နိုင်ငံအတွင်း ဇွန်လမှ စက်တင်ဘာလအထိလို့ သတ်မှတ်ထားတဲ့ ဒီနှစ် မိုးရာသီစကထဲက မိုးရွာသွန်းမှုနဲ့ ဆက်နွှယ်တဲ့ ဖြစ်စဉ်တွေကြောင့် လူ ၇၅၀ နီးပါးသေဆုံးခဲ့ရပြီလို့ သိရပြီး ရာသီဥတုပြောင်းလဲမှုဒဏ်ကို အများဆုံးခံရတဲ့နိုင်ငံလို့ ဆိုကြပါတယ်။
Ref- Al Jazeera, Khyber News


