၂၁.၈.၂၀၂၅
Written By Thandar
ချစ်နေပြီ သီချင်းတွေနဲ့ ပရိသတ်အားပေးမှုရရှိထားတဲ့ အဆိုတော် အုပ်စိုးခန့်ကတော့ မယားကျွန်ဇာတ်လမ်းတွဲမှာ အချစ်ကိုကိုးကွယ်ပြီးတော့ ခေါင်းမှာ ဂျို(ချို)ပေါက်နေတဲ့သနားစရာကောင်လေးနေရာက ပါဝင်ထားတယ် ပြောပါတယ်။
“မယားကျွန်မှာ အံ့အားဆိုတဲ့ ကာရိုက်တာက ဒီခေါင်းမှာ ချိုနှစ်ခုပေါက်နေတယ်။ ကောင်လေးလည်း ဖြစ်တယ်။ အချစ်ကိုလည်း ကိုးကွယ်တယ်။ ဘာကိုမှလည်း မစဉ်းစားဘူးပေါ့။ အံ့အားနေရာက သနားဖို့ကောင်းသလို ကိုယ်ချစ်တဲ့ကောင်မလေးအတွက်ဆိုရင် အကုန်လိုက်လုပ်ပေးနေတာပေါ့နော်။ ဝမ်းနည်းဖို့လည်း ကောင်းတဲ့ပုံစံလေးပါ”လို့ သရုပ်ဆောင် အုပ်စိုးခန့်က ပြောပါတယ်။
သူဟာတော့ အဆိုပါဇာတ်လမ်းတွဲမှာ သရုပ်ဆောင် ကျော်ထက်အောင်၊ စိုးမြတ်သူဇာ၊ လင်းဇာနည်ဇော်၊ ခြူးလေး၊ သံသာညီ စတဲ့ အနုပညာရှင်တွေနဲ့အတူ ပါဝင်ထားပြီး Mahar Application က လက်ရှိ ထုတ်လွှင့်ပြသနေချိန်မှာ ပရိသတ်အကြိုက်တွေ့နေတဲ့ ဇာတ်လမ်းတွဲလည်းဖြစ်ပါတယ်။
“မကြီးစိုးနဲ့ ဟိုအရင်ကတည်းက အားပေးခဲ့ရသူဆိုတော့ ကိုယ့်စီနီယာကြီးနဲ့အတူ တွဲသရုပ်ဆောင်ရလို့ ပညာတွေ အများကြီးရတယ်။ ရှုတင်မှာ မကြီးစိုးက အကြံဉာဏ်လည်းပေးတယ်။ မကြီးကို လေးစားသလို သရုပ်ဆောင်ပညာတွေလည်း ယူခဲ့ပါတယ်။ အရမ်းလည်း ဝမ်းသာရပါတယ်။ ဒီကားရိုက်တာ ကျွန်တော့်အတွက် အရှုံးမရှိဘူးပေါ့နော်။ မကြီးစိုးနဲ့ ရိုက်ရတာမို့ သေချာပြင်ဆင်ရိုက်ကူးခဲ့တယ်။ တစ်ခုခု အမှားတစ်ခုပါသွားမှာ စိုးရိမ်တယ်”လို့ သူက ဆက်ပြောပါတယ်။
#အုပ်စိုးခန့် #OakSoeKhant #MyanmarActor #MyanmarSinger #MyanmarCele #MaharApplication




