၂၁.၈.၂၀၂၅
Translated by Htwe Ko Tun
ထိုင်းနိုင်ငံတောင်ပိုင်း၊ နာရာသီဝပ်ပြည်နယ်အတွင်း တက်ဘိုင်ခရိုင်ရှိ လုံခြုံရေးစစ်ဆေးမှုဂိတ်တစ်ခုမှာ စစ်ဆေးရေးဂိတ်ကို ကားတစ်စီးနဲ့ ဩဂုတ်လ ၂၀ ရက်ညက ဝင်တိုက်ကာ ကားဗုံးခွဲအကြမ်းဖက်မှုကြောင့် စစ်ဆေးရေးဂိတ်ရှိ အပျော်တန်းတပ်ဖွဲ့ဝင်သုံးဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ကားက ဆာလာမိုင်မြို့နယ်အတွင်း ဘန်ကို့ခ်မာဖွန်ရွာမှာရှိတဲ့ စစ်ဆေးရေးဂိတ်ရဲ့ သဲအိတ်တွေကို ည ၈ နာရီ ၁၅ မိနစ်လောက်မှာ ဝင်တိုက်ပေါက်ကွဲခဲ့တာလို့ သတင်းတွေကဆိုပါတယ်။ တာဝန်ရှိသူတွေက ကားမှာ အနက်ရောင်တိုယိုတာ Yaris အမျိုးအစားကားတစ်စီးဖြစ်ပြီး နံပါတ်ပြား အတုတွေတပ်ထားတာဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။
စစ်ဆေးရေးဂိတ်မှာရှိတဲ့အပျော်တန်းလုံခြုံရေးတပ်ဖွဲ့ဝင်တွေ မသင်္ကာဖွယ်လူနှစ်ဦးက ဆိုင်ကယ်တစ်စီးနဲ့ ထွက်ပြေးလွတ်မြောက်သွားတာ တွေ့လိုက်ကြရပါတယ်။
ကားဗုံးခွဲတိုက်ခိုက်မှုအတွင်း အပျော်တန်းတပ်ဖွဲ့ဝင်သုံးဦးဒဏ်ရာရခဲ့ပြီး သူတို့ထဲမှ တစ်ဦးက ပေါက်ကွဲမှုအပြီးမှာ အကြားအာရုံထိခိုက်သွားတဲ့ အခက်အခဲနဲ့ ရင်ဆိုင်နေရပါတယ်။
CCTV ရိုက်ကူးချက်အရ စစ်ဆေးရေးဂိတ်အနားရှိ ကားပေါ်ကိုသံသယရှိရသူတစ်ဦးက အရင်ရောက်လာခဲ့တာ တွေ့ရပါတယ်။ ဒီနောက်မှာ သူက ကားရဲ့ ဂီယာလီဗာကို မောင်းရန်အဆင့်(Drive position) ကို ပြောင်းခဲ့ပါတယ်။ ဒီနောက်မှာတော့ ကားက စစ်ဆေးရေးဂိတ်ကို ဦးတည်မောင်းထွက်လာချိန်မှာ သူက ကားပေါ်ကနေ ခုန်ချနေခဲ့တာပါပဲ။
အဲဒီနောက်သူ့အနားကိုရောက်လာတဲ့ ကြံရာပါ အခြားတစ်ဦး မောင်းလာတဲ့ မော်တော်ဆိုင်ကယ်ပေါ်တက်ပြီး ဖောက်ခွဲရေးသမား အကြမ်းဖက်နှစ်ဦးက လွတ်မြောက်သွားခဲ့ကြတာပါ။ ကားကစစ်ဆေးရေးဂိတ်ကို ဝင်တိုက်မိချိန်မှာတော့ မော်တော်ဆိုင်ကယ်နောက်ခုံမှာပါသွားတဲ့ သူက ကားထဲရှိဗုံးကို ပေါက်ကွဲစေခဲ့ပုံရပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လိုက်လံပစ်ခတ်ချိန်မှာ ဗုံးခွဲသမားနှစ်ဦးက ဆိုင်ကယ်နဲ့ ထွက်ပြေးသွားခဲ့ကြတာပါပဲ။
Ref- Bangkok Post





