၂၁.၈.၂၀၂၅
Written by Thiri
မိတ္ထီလာကန်ထဲကနေ ဖမ်းမိတဲ့ မိကျောင်းပေါက်ကို မွေးမြူထားသူက သက်ဆိုင်ရာကို လွှဲပြောင်းအပ်နှံလိုက်ပြီလို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၁၉ ရက်နေ့ ညနေပိုင်းက မွေးမြူရေးနှင့်ရေလုပ်ငန်းဦးစီးဌာန၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးဌာန၊ တိ/ မွေးကုဦးစီးဌာနတာဝန်ရှိသူတွေနဲ့ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က အဆိုပါ ဖမ်းမိမွေးမြူထားသူထံ သွားရောက်ကြည့်ရှုစဉ်မှာ ဆက်လက်မမွေးမြူရဲတော့လို့ သက်ဆိုင်ရာကို အပ်နှံခဲ့တာလို့လည်း သိရပါတယ်။
မိကျောင်းပေါက် ဖမ်းမိခဲ့တဲ့ ဖြစ်စဉ်က မန္တလေးတိုင်းဒေသကြီး၊ မိတ္တီလာမြို့နယ်မှာ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၆ ရက်နေ့ နေ့လယ်ပိုင်းက မိတ္တီလာတောင်ကန်၊ ကန်ကူးတံတားအောက်မှာ ငါးမျှားနေသူအမျိုးသားတစ်ဦးက မိကျောင်းပေါက်တစ်ကောင် တွေ့ရှိ ဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။
အဆိုပါ မိကျောင်းပေါက်အရွယ်အစားမှာ ယောကျ်ားလက်တစ်တောင်ခန့်မှန်း (၂)ပေခန့်အရွယ်ဖြစ်ပြီး၊ ဝါ/နက်အရောင်ဖြစ်ကြောင်း၊ ဖမ်းဆီးရတဲ့သူက မိတ္တီလာမြို့၊ အောင်ဇေယျရပ်ကွက်၊ နယ်မြေ(၈) အနောက်ပိုင်းနေထိုင်သူ ကိုမျိုးကျော်သူ ဆိုသူဖြစ်ကြောင်းနဲ့ သူတို့ သူငယ်ချင်းနှစ်ဦး မိတ္တီလာတောင်ကန်ကူးတံတား၊ တိုင်အမှတ်P-5 မှာငါးထိုင်မျှားနေစဥ် ရေထဲမှခေါင်းပေါ်လာပြီး ပြန်ငုပ်သွားခဲ့ကြောင်း ခဏအကြာ ငါးမျှားနေတဲ့ တိုင်အောက်ခြေမှာ ထပ်မံပေါ်လာလို့ လက်နဲ့ ဖမ်းဆီးရာက မိချောင်းပေါက်တစ်ကောင်ဖြစ်နေကြောင်းသိရှိရတယ်လို့ ဒေသခံသတင်းထောက်က အဆိုပါသတင်းကို စုံစမ်းမေးမြန်းချက်အရ သိရှိရပါတယ်။
မိကျောင်းရဲ့ မျိုးစိတ်အရ ရေချိုမှာကျက်စားတဲ့မျိုးစိတ်မဟုတ်ဘဲ ရေငံမှာကျက်စားတဲ့ မျိုးစိတ်ဖြစ်ကြောင်းနဲ့ တစ်စုံတစ်ယောက်က ကန်အတွင်း လာရောက်လွှတ်ပေးတာမျိုးသာ ဖြစ်နိုင်တယ်လို့ ယူဆရတာကြောင့် မိတ္ထီလာကန်အတွင်းမှာအလားတူ မျိုးစိတ်တူမိချောင်းပေါက်မရှိနိုင်တော့ဘူးလို့လည်း သက်ဆိုင်ရာတာဝန်ရှိသူတချို့က ထင်မြင်ယူဆချက်ကို ရှင်းပြခဲ့ ကြောင်းလည်း သိရပါတယ်။
