၂၁.၈.၂၀၂၅
Written by Hey Mar
အမျိုးသမီးတစ်ဦးကို တိုက်ပြီး မောင်းပြေးလာတဲ့ Caldina အမျိုးအစား အိမ်စီးယာဉ်ငယ်က ကွန်တိန်နာကားနဲ့ ခေါင်းချင်းဆိုင်ထပ်တိုက်လို့ ယာဉ်ငယ်ပေါ်က ယာဉ်မောင်း အတွင်းလူနာအဖြစ် ဆေးရုံတင်ပို့ကုသနေရတဲ့ဖြစ်စဉ် မနေ့က ဩဂုတ် ၂၀ ရက် ည ၁၀ နာရီ ဝန်းကျင်က ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ရှုခင်းသာလမ်းပေါ်မှာ ဖြစ်ပွားခဲ့တယ်လို့ အကူအညီရောက်ရှိခဲ့တဲ့ အောင်ရဲသူ လူမှုကူညီရေး အသင်းထံကနေ သိရပါတယ်။
ဖြစ်စဉ်က ဘရိတ်ပေါက်ကာ လမ်းလယ်တုံးပေါ် ခေါင်းတင်နေပြီး တစ်ဖက်ယာဉ်ကြောပေါ် ခေါင်းထွက်နေတဲ့ ကွန်တိန်နာယာဉ်ကို အရှိန်နဲ့ မောင်းနှင်လာတဲ့ Caldinaအမျိုးအစား အိမ်စီးယာဉ်ငယ်က ပြင်းထန်စွာ မျက်နှာချင်းဆိုင် တိုက်မိခဲ့တာလို့ သိရပါတယ်။
အောင်ရဲသူ လူမှုကူညီရေးအသင်းတာဝန်ရှိသူက “Caldina ယာဉ်က မြို့ထဲက ဘိုကလေးဈေးဘက်မှာ အမျိုးသမီးတစ်ဦးကို တိုက်ပြီးပြေးလာတာ။ သာကေတ ရှုခင်းသာဘက်လည်းရောက်ရော ဘရိတ်ပေါက်ပြီး တစ်ဖက်ယာဉ်ကြောပေါ် ခေါင်းထွက်နေတဲ့ ကွန်တိန်နာကို ထပ်တိုက်မိတာ။ ကွန်တိန်နာကလည်း ဘာအချက်ပြမီးမှ ဘာမှ ဖွင့်မထားဘဲ ဒီတိုင်းရပ်ထားတာ။ နောက်ပြီး မှောင်ရိပ်လည်း ကျနေတယ်”လို့ ဖြစ်စဉ်အပေါ် မျက်မြင်အခြေအနေကို ပြောပြပါတယ်။
အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်အတွင်း တိုက်ပြေးမှုကြောင့် အမျိုးသမီးတစ်ဦး မစိုးရိမ်ရတဲ့ ပွန်းပဲ့ဒဏ်ရာတွေ ရရှိခဲ့သလို တိုက်ပြေးတဲ့ကားကလည်း ကွန်တိန်နာယာဉ်ကို ထပ်တိုက်မိလို့ ယာဉ်မောင်းက အတွင်းလူနာအဖြစ် ရန်ကုန်ဆေးရုံကြီးမှာ ကုသနေရကြောင်းနဲ့ အောင်ရဲသူ လူမှုကူညီရေးအသင်းက ယာဉ်မောင်းကိုဆေးရုံတင်ပို့ပေးခဲ့ပေမယ့် မိသားစုနဲ့တော့ အခုအချိန်ထိ ဆက်သွယ်လို့မရသေးကြောင်းလည်း သိရှိရပါတယ်။


