၂၁. ၈. ၂၀၂၅
Translated by Thettant
အမေရိကန်ပြည်ထောင်စု၊ ရိုဒီအိုက်စ်လန်းပြည်နယ်ရှိ ပရိုဗီးဒန့်စ်မြို့တော်တရားရုံး၏ တရားခွင်ဖြစ်ရပ်မှန်များကို ရိုက်ကူးထားသည့် ရုပ်သံ ‘Caught In Providence’ များမှတစ်ဆင့် လူသိများကျော်ကြားကာ ကြည့်ရှုသူများ၏ ချစ်ခင်လေးစားမှုကို ရယူနိုင်ခဲ့သည့် အမေရိကန်ကြယ်ပွင့် တရားသူကြီး Frank Caprio (ဖရန့်ကပ်ပရီယို) သည် ကင်ဆာရောဂါနှင့် တိုက်ပွဲဝင်ပြီးနောက် အသက် ၈၈ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့ပြီသည်။
အွန်လိုင်းပေါ် လူအများ စိတ်ဝင်တစားကြည့်ရှုခဲ့ကြသည့်တရားခွင်အတွင်းမှ ကြင်နာမှုပုံရိပ်များကြောင့် ကမ္ဘာတစ်ဝန်း ကျော်ကြားခဲ့ပြီး “ကမ္ဘာ့ အကြင်နာဆုံး တရားသူကြီး” အဖြစ် လူသိများလာခဲ့သော Frank Caprio ၏ ရုပ်မြင်သံကြားအစီအစဉ်များသည် ရုပ်သံတွဲများကို ချီးမြှင့်သော Emmy ဆုအတွက် လျာထားခြင်းခံခဲ့ရသလို လူသန်းပေါင်းများစွာကို လှုံ့ဆော်မှု ပေးစွမ်းနိုင်ခဲ့သည်။
ကြင်နာတတ်သော တရားသူကြီး Frank Caprio သည် ပန်ကရိယကင်ဆာနှင့် ကြာရှည်စွာ ရဲရင့်စွာ တိုက်ပွဲဝင်ခဲ့ပြီးနောက် ဩဂုတ် ၂၀ ရက်နှောင်းပိုင်းတွင် ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း သူ၏ Instagram အကောင့်တွင် ကြေညာချက်တစ်ခုဖြင့် ယနေ့ အတည်ပြုခဲ့သည်။
”သူ့ရဲ့ ကရုဏာ၊ နှိမ့်ချမှုနဲ့ လူသားတွေရဲ့ကောင်းမြတ်ခြင်းကို ယုံကြည်မှုတို့ကြောင့် ချစ်ခင်လေးစားခံရတဲ့ တရားသူကြီး Caprio ဟာ တရားခွင်နဲ့ အပြင်ဘက်မှာပါ သူ့ရဲ့လုပ်ဆောင်မှုတွေကနေ လူသန်းပေါင်းများစွာရဲ့ဘဝတွေကို ထိတွေ့ခဲ့ပါတယ်” ဟု ထိုကြေညာချက်တွင် ဖော်ပြထားသည်။
“သူ့ရဲ့နွေးထွေးမှု၊ ဟာသဉာဏ်နဲ့ ကြင်နာမှုတို့ဟာ သူ့ကိုသိကျွမ်းသူတိုင်းအပေါ် မမေ့နိုင်တဲ့ အမှတ်အသားတစ်ခု ချန်ရစ်ခဲ့ပါတယ်” ဟုလည်း ပါရှိသည်။
Caprio မကွယ်လွန်မီ တစ်ရက်အလိုအထိ ကင်ဆာရောဂါကို ဆက်လက်တိုက်ခိုက်နေစဉ် သူ့ Follower များ၏ ဆုတောင်းမေတ္တာကို တောင်းဆိုသည့် Instagram post တစ်ခုကိုလည်း မျှဝေခဲ့သည်။
”ဒီခက်ခဲတဲ့တိုက်ပွဲကို ဆက်လက်ရင်ဆိုင်နေရချိန်မှာ မင်းတို့ရဲ့ ဆုတောင်းတွေက ငါ့စိတ်ဓာတ်ကို မြှင့်တင်ပေးပါလိမ့်မယ်” ဟု Caprio က ဆိုရှယ်မီဒီယာတွင် တင်ထားသည့် ဗီဒီယိုတစ်ခုတွင် ပြောကြားခဲ့သည်။
”ကံမကောင်းစွာနဲ့ အခြေအနေက ပိုဆိုးလာလို့ ဆေးရုံပြန်ရောက်နေပြီ” ဟု သူ့ကင်ဆာ ပြန်ဖြစ်လာခြင်းကို ရည်ညွှန်းပြောဆိုခဲ့သည်။
”ငါ့ကို မင်းတို့ရဲ့ ဆုတောင်းတွေထဲမှာ ထည့်သွင်းပေးဖို့ အများကြီး မဟုတ်ဘူးဆိုရင်တောင် ငါ ထပ်ပြီး တောင်းဆိုပါတယ်။ ငါက ဆုတောင်းခြင်းရဲ့ စွမ်းအားကို အလွန်အမင်း ယုံကြည်သူတစ်ယောက်ပါ” ဟုလည်း ပြောကြားခဲ့သည်။
Caprio သည် တရားခွင်တွင် ကရုဏာစိတ်ဖြင့် ချဉ်းကပ်မှုကြောင့် “ကမ္ဘာပေါ်ရှိ အကြင်နာဆုံး တရားသူကြီး” အဖြစ် မကြာခဏ ဖော်ပြခြင်းခံရသည်။ သူ့၏ဆုံးဖြတ်ချက်များသည် ကြင်နာမှုနှင့် နားလည်မှုတို့အပေါ် အခြေခံလေ့ရှိပြီး လူသန်းပေါင်းများစွာ နှလုံးသားကို ရိုက်ခတ်စေခဲ့သည်။
တရားစီရင်ချိန် Caprio ကူညီပေးခဲ့သော မိသားစုများအတွက် ဒဏ်ငွေများပယ်ဖျက်ပေးခြင်း သို့မဟုတ် အားပေးစကားပြောကြားပေးခဲ့ခြင်း စသည့် သူ၏ တရားခွင်အတွင်းမှ ဗီဒီယိုဖိုင်များသည် အွန်လိုင်းတွင် ကြည့်ရှုသူ ဘီလျံချီ ရရှိခဲ့သည်။
ရိုဒီအိုက်စ်လန်းပြည်နယ်၊ ပရိုဗီးဒန့်စ်မြို့တွင် မွေးဖွားခဲ့သော Caprio သည် သူ၏တရားခွင်ကို ရုပ်မြင်သံကြားသို့ မပြသမီ ဆယ်စုနှစ်များစွာ မြို့ပြတရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
‘Caught in Providence’ ကို ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ နိုင်ငံတဝှမ်းတွင် ထုတ်လွှင့်ခဲ့ပြီး Daytime Emmy ဆုအတွက် အကြိမ်များစွာ လျာထားခြင်းခံခဲ့ရသည်။ အဆိုပါရုပ်သံအစီအစဉ်က တရားမျှတမှုတွင် မျှတမှု၊ ကြင်နာမှုနှင့် လူသားဂုဏ်သိက္ခာကို အမြဲလေးစားမှုတို့ ပါဝင်သင့်ကြောင်း သူ၏ယုံကြည်ချက်ကိုလည်း မီးမောင်းထိုးပြခဲ့သည်။
၂၀၂၃ ခုနှစ်တွင် Caprio သည် ပန်ကရိယကင်ဆာ စွဲကပ်နေကြောင်း ရောဂါရှာဖွေတွေ့ရှိခဲ့သည်ကို ဖွင့်ဟခဲ့သည်။ သူ၏ကုသမှုအခြေအနေနှင့်ပတ်သက်၍ အကောင်းမြင်မှုများနှင့် စိန်ခေါ်မှုများအပါအဝင် အခြေအနေများကို ပွင့်ပွင့်လင်းလင်း မျှဝေခဲ့သည်။ Caprio ကွယ်လွန်ရန် ရက်သတ္တပတ်အနည်းငယ်အလိုတွင် ရောဂါ၏ ခက်ခဲသောအဆင့်၌ သူ၏ Follower များအား ဆုတောင်းပေးရန် စတင် တောင်းဆိုခဲ့သည်။
Caprio ၏ ဥပဒေရေးရာအသက်မွေး ဝမ်းကျောင်းအပြင် Caprio သည် မိသားစုအပေါ်၌လည်း အလွန်အမင်း စေတနာထားခဲ့သည်။ သူသည် ချစ်ခင်ဖွယ်ကောင်းသော ခင်ပွန်း၊ ဖခင်၊ အဘိုးနှင့် မြစ်တို့၏အဘိုးအဖြစ် လူအများက မှတ်မိနေကြလိမ့်မည်ဖြစ်သည်။
Rhode Island ပြည်နယ် အုပ်ချုပ်ရေးမှူး Dan McKee က Caprio ကို “စစ်မှန်သော ရိုဒီအိုက်စ်လန်း ရတနာ” ဟု ခေါ်ဆိုခဲ့ပြီး Caprio အား ဂုဏ်ပြုသောအားဖြင့် ပြည်နယ်တွင်း အလံများကို တစ်ဝက်ချထားရန် အမိန့်ပေးခဲ့သည်။
တရားသူကြီး Caprio ၏ အမွေအနှစ်သည် သူထိတွေ့ခဲ့သော ဘဝပေါင်းများစွာမှတစ်ဆင့် ဆက်လက်ရှင်သန်နေပြီး တရားမျှတမှုကို ကြင်နာမှုဖြင့် ဆောင်ရွက်နိုင်ကြောင်း ကမ္ဘာတစ်ဝန်းရှိ လူများကို သတိပေးနေမည်ဖြစ်သည်။
Ref., NDTV
