◾️ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာနှင့်ပူးပေါင်း၍ ရေအရည်အသွေး တိုင်းတာစစ်ဆေးပြီး စောင့်ကြပ်ကြည့်ရှုနေကြောင်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ဝန်ကြီးက ဆွေနွေးပြောကြားခဲ့ပြီး ထိုင်းအစိုးရအဖွဲ့ ဒုတိယဝန်ကြီးချုပ်က မြန်မာနိုင်ငံနှင့် ရေရှည်လက်တွဲ၍ ရေထုညစ်ညမ်းမှု ကာကွယ်ထိန်းသိမ်းရေး ဆောင်ရွက်မည်ဟု ပြောကြား
၂၁. ၈. ၂၀၂၅
Written by Nyein Kyaw
“ဝ” ဒေသအတွင်းမှ ရွှေတွင်းကြောင့် ကော့မြစ်အတွင်း ရေထုညစ်ညမ်းနေမှုကို ဆွေးနွေးရန် မြန်မာနိုင်ငံသို့ သွားရောက်မည်ဟု တရားဝင်ပြောကြားထားသည့် ထိုင်းအစိုးရအဖွဲ့ ဒုတိယဝန်ကြီးချုပ် ပရာဆတ် ဂျန်တာရာရွန်တုံကိုယ်တိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ လာရောက်ဆွေးခဲ့ကြောင်း သံယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။
မြန်မာ-ထိုင်း နှစ်နိုင်ငံပူးတွဲ၍ ရေအရည်အသွေးစီမံခန့်ခွဲရေးနှင့် လေ့လာစောင့်ကြည့်နိုင်ရေး၊ နှစ်နိုင်ငံကြားရေအရည်အသွေးညစ်ညမ်းမှု ကာကွယ်ထိန်းချုပ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်ရည်ရွယ်၍ မြန်မာ-ထိုင်း နှစ်နိုင်ငံပူးတွဲ ရေအရည်အသွေးစီမံခန့်ခွဲရေးဆိုင်ရာ ဆွေးနွေးပွဲကို ဩဂုတ် ၂၀ ရက် (ယမန်နေ့)တွင် နေပြည်တော်ရှိ Jasmine Hotel ၌ ကျင်းပခဲ့သည်။
ဆွေးနွေးပွဲသို့ မြန်မာဘက်မှ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ ရှမ်းပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ပြီး ထိုင်းနိုင်ငံမှ ဒုတိယဝန်ကြီးချုပ်၊ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် လူမှုရေးဝန်ကြီးဌာနဝန်ကြီး မစ္စတာ ပရာဆတ်ဂျန်တာရာရွန်တုံ၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးနှင့် ထိုင်းနိုင်ငံရှိ သက်ဆိုင်ရာဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
မြန်မာနိုင်ငံအနေဖြင့် ရေသယံဇာတနှင့်အရည်အသွေးများ ထိန်းသိမ်းနိုင်ရေးအတွက် အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီကို ဖွဲ့စည်းထားရှိပြီး ရေအရင်းအမြစ်များအား ဦးစားပေးကာကွယ်ထိန်းသိမ်းလျက်ရှိကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်၍ အမျိုးသားမြေပေါ်ရေအရည်အသွေးစံချိန်စံညွှန်းကိုလည်း ၂၀၂၄ ခုနှစ်တွင် ထုတ်ပြန်ခဲ့ပြီး ရေအရည်အသွေးကို တိုင်းတာစစ်ဆေး၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ဆွေးနွေးပြောကြားသည်။
ထို့နောက် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်က ထိုင်းနိုင်ငံအနေဖြင့်လည်း ရေအရင်းအမြစ်အရည်အသွေးနှင့် ပတ်သက်၍ အရေးကြီးကိစ္စတစ်ရပ်အနေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ရေထုညစ်ညမ်းမှုကာကွယ်ထိန်းသိမ်းရန်အတွက် မူဝါဒများချမှတ်ထားရှိပြီး နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုများ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံနှင့် ရေရှည်လက်တွဲ၍ ရေထုညစ်ညမ်းမှုကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
မြန်မာ-ထိုင်းနှစ်နိုင်ငံ ဆွေးနွေးပွဲရလဒ်များအဖြစ် ရေအရည်အသွေးစီမံခန့်ခွဲမှုအပါအဝင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ဆောင်ရွက်သွားရန်၊ ရေအရည်အသွေးဆိုင်ရာအချက်အလက်များကို ဖလှယ်ခြင်းအပါအဝင် နှစ်နိုင်ငံမှ သက်ဆိုင်ရာဌာနများအချင်းချင်း နည်းပညာဆိုင်ရာ ဆွေးနွေးမှုများ ဆောင်ရွက်သွားရန်၊ ရေရှည်တည်တံ့သော ရေအရည်အသွေးစီမံခန့်ခွဲခြင်းဆိုင်ရာ နယ်ပယ်တွင် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်ရေးနည်းပညာဆိုင်ရာ ပူးတွဲလုပ်ငန်းအဖွဲ့ ဖွဲ့စည်းသွားရန်နှင့် နည်းပညာအကူအညီ၊ စွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အသိပညာမြှင့်တင်ရေးနယ်ပယ်တို့တွင် ပူးပေါင်းဆောင်ရွက်ရန်တို့နှင့် ပတ်သက်၍ ပူးတွဲသတင်းထုတ်ပြန်သည်။
ထိုင်းအစိုးရအဖွဲ့ ဒုတိယဝန်ကြီးချုပ်က မဲခေါင်မြစ်၏ မြစ်လက်တက်တစ်ခုဖြစ်သည့် ကော့မြစ် (Kok River) အတွင်း အာဆင်းနစ်စိန်နှင့် အခြားသတ္တုညစ်ညမ်းမှုများ ဖြစ်ပေါ်နေခြင်းနှင့်ပတ်သက်ပြီး မြန်မာအစိုးရအာဏာပိုင်များနှင့် တွေ့ဆုံဆွေးနွေးသွားရန် မြန်မာနိုင်ငံကိုသွားရောက်မည်ဖြစ်ကြောင်း မေလ ၂၇ ရက်တွင် ပြောကြားထားခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဇူလိုင် ၂ ရက်မှ ၄ ရက်အထိ ချင်းမိုင်တွင် ကျင်းပခဲ့သော ၃၇ ကြိမ်မြောက် ဒေသဆိုင်ရာ နယ်စပ်ကော်မတီ (RBC) အစည်းအဝေးတွင်လည်း မြန်မာနှင့် ထိုင်းနိုင်ငံအကြား မြစ်ရေညစ်ညမ်းမှုများနှင့် အွန်လိုင်းလိမ်လည်မှု ကိစ္စရပ်များအတွက် ပူးပေါင်းဆောင်ရွက်မှု အားဖြည့်မြှင့်တင်ရန် သဘောတူခဲ့ကြသည်။ အဆိုပါကိစ္စရပ်များတွင် ကော့မြစ် (Kok River) နှင့် ဆိုင်မြစ် (Sai River) တို့ရှိ သတ္တုအဆိပ်အတောက်များ ညစ်ညမ်းမှုနှင့် နိုင်ငံဖြတ်ကျော် လိမ်လည်မှုလုပ်ငန်းများ နှိမ်နင်းခြင်းတို့ ပါဝင်ခဲ့သည်။
