၂၁.၈. ၂၀၂၅
Written by Thettant
ရန်ကုန်ပြည်သူတွေ သိရှိခံစားလိုက်ရပြီး ပြင်းအားသိသာတဲ့ ငလျင်နှစ်ခု အချိန် ၁၄ နာရီအတွင်း လှုပ်ခတ်သွားခဲ့တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ အတည်ပြုထုတ်ပြန်ချက်အရ သိရပါတယ်။
ပထမလှုပ်ခတ်တဲ့ငလျင်က မနေ့ကည သြဂုတ်လ ၂၀ ရက်နေ့၊ မြန်မာစံတော်ချိန် (၁၉)နာရီ၊ (၁၆)မိနစ်၊ (၁၉) စက္ကန့် အချိန်မှာ ကမ္ဘာအေးမြေငလျင်စခန်းကနေ အနောက်တောင်ဘက် (၅၆) မိုင်ခန့်ကွာဝေးတဲ့ မြန်မာ့ပင်လယ်ပြင်၊ (ဖျာပုံမြို့၏ အရှေ့တောင်ဘက် (၂၃) မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၁၆ ဒသမ ၀၇) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅ ဒသမ ၉၄) ဒီဂရီ၊ အနက် (၁၁၈) ကီလိုမီတာကို ဗဟိုပြုလို့ အင်အားရစ်ချ်တာ စကေး (၄ ဒသမ ၈) အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ရှားသွားခဲ့တာဖြစ်ပြီး ဒီငလျင်ကို ရန်ကုန်မြို့နယ်အများစု သိသိသာသာခံစားလိုက်ရသလို ငလျင်ဟာ ကြံ့ခိုင်မှုနည်းတဲ့ ကန်ထရိုက်တိုက်အိုတွေ ပြိုပျက်သွားနိုင်တဲ့ ပြင်းအားပေမယ့် လှုပ်ခတ်တဲ့အနက်က မြေအောက် ၇၃ မိုင်ကျော်က လှုပ်ပြီး ဇောက်နက်လို့ သက်သာရာရခဲ့တာဖြစ်ပါတယ်။

ဒုတိယငလျင်က ဒီမနက် သြဂုတ်လ ၂၁ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၉)နာရီ၊ (၂၈)မိနစ်၊ (၀၆) စက္ကန့် အချိန်မှာ ကမ္ဘာအေးမြေငလျင်စခန်းက တောင်ဘက် (၅၄) မိုင်ခန့်ကွာဝေးတဲ့ မြန်မာ့ပင်လယ်ပြင်၊ (ကွမ်းခြံကုန်းမြို့၏ အရှေ့တောင်ဘက် (၂၈) မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၁၆ ဒသမ ၀၈) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆ ဒသမ ၂၂) ဒီဂရီ၊ အနက် (၂၈) ကီလိုမီတာကို ဗဟိုပြုလို့ အင်အားရစ်ချ်တာစကေး (၅ ဒသမ ၁) အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ရှားသွားလို့ အထပ်မြင့်နေသူတွေ သိသိသာသာခံစားလိုက်ရတယ်လို့လည်း သိရပါတယ်။
“ရုံးမှာ ရှိနေတုန်းငလျင်လှုပ်တော့ တစ်ရုံးလုံးအောက်ဆင်းပြေးလာရတာ။ ငလျင်က သိသာတယ်”လို့ ဗိုလ်တထောင်မြို့နယ်က အထပ်မြင့်အဆောက်အအုံတစ်ခုမှာ လုပ်ကိုင်သူဝန်ထမ်းတစ်ဦးက ဆိုပါတယ်။
မြေငလျင်ပြင်းအား (၅ ဒသမ ၁) ဟာလည်း ကြံ့ခိုင်မှုနည်းပါးတဲ့အဆောက်အအုံတွေ ပြိုပျက်နိုင်တာမို့ အနက်ကလည်း ၁၇ မိုင်ကျော်က လှုပ်တာမို့ ဇောက်တိမ်တဲ့အတွက် ပျက်စီးထိခိုက်နိုင်ခြေတွေကို MT News က စုံစမ်းနေပြီး ထပ်မံသိရှိရတာ ဖော်ပြပေးပါမယ်။
