သတိုး
၂၁. ၈. ၂၀၂၅
မြန်မာနိုင်ငံဟာ သြဂုတ်လ ၁၈ ရက်နေ့မှာ ကြိုတင်အသိပေးခြင်းမရှိဘဲ မြဝတီ-မဲဆောက် နယ်စပ်ဂိတ်နဲ့ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ်(၂)ကို ပိတ်လိုက်တာကြောင့် ထိုင်းကုန်ပစ္စည်းတွေ အများအပြား ပိတ်ဆို့နေခဲ့ပါတယ်။
ထိုင်းနိုင်ငံရဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဂျာတူပွန်း ဘူရူစပတ်ကတော့ မြန်မာအစိုးရတာဝန်ရှိသူတွေက ကုန်ပစ္စည်းစစ်ဆေးမှုတွေနဲ့ မှောင်ခိုကုန်ကူးမှုတွေကို နှိမ်နင်းဖို့အတွက် နယ်စပ်ဂိတ်ကို ခေတ္တပိတ်လိုက်တာ ဖြစ်တယ်လို့ ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။ ဒီလိုပိတ်လိုက်တာကြောင့် ကုန်တင်ယာဉ်နဲ့ ကုန်ပစ္စည်းတွေ အများအပြား နယ်စပ်ဂိတ်မှာ ပိတ်မိနေခဲ့ပါတယ်။
ရန်ကုန်မြို့ရှိ ထိုင်းကုန်သွယ်ရေးဌာနက ဒေသတွင်းစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေနဲ့ ဆွေးနွေးမေးမြန်းပြီးနောက်မှာတော့ နယ်စပ်ဂိတ်ကို ဒီနေ့ သြဂုတ်လ ၂၁ ရက်ဝန်းကျင်မှာ ပြန်ဖွင့်မယ်လို့ မျှော်လင့်ရပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံဘက်ကနေ မှောင်ခိုကုန်ကူးမှုတွေကို ပိုမိုတင်းကျပ်စွာ ကိုင်တွယ်ဖြေရှင်းသွားမှာဖြစ်ပြီး သွင်းကုန်လိုင်စင်တွေကိုလည်း ပိုမိုစနစ်တကျ စစ်ဆေးတော့မှာ ဖြစ်ပါတယ်။
“နယ်စပ်ဂိတ်မှာ နှောင့်နှေးနေတဲ့ ထိုင်းကုန်ပစ္စည်းတွေကိစ္စကို ဖြေရှင်းဖို့အတွက် နိုင်ငံခြားကုန်သွယ်ရေးဦးစီးဌာနကို မြန်မာနိုင်ငံရဲ့ ထိုင်းနိုင်ငံဆိုင်ရာ ကုန်သွယ်ရေးသံအမတ်နဲ့ တွေ့ဆုံဆွေးနွေးဖို့ ကျွန်တော် ညွှန်ကြားထားပါတယ်” လို့ ဂျာတူပွန်းက ပြောပါတယ်။
ဒါ့အပြင် “မြန်မာနိုင်ငံကို ဝင်ရောက်လာမယ့် ထိုင်းကုန်ပစ္စည်းအားလုံးဟာ မြန်မာနိုင်ငံရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ သွင်းကုန်လိုင်စင် လိုအပ်ပါလိမ့်မယ်” လို့လည်း သူက ထပ်လောင်းပြောပါတယ်။
လက်ရှိအချိန်မှာတော့ ထိုင်းနဲ့ မြန်မာမှာ ချင်းရိုင်၊ တက်ခ်၊ ကန်ချနာဘူရီ၊ ရနောင်း အပါအဝင် ပြည်နယ် ၇ ခုမှာ နယ်စပ်ဂိတ် ၂၁ ခုရှိပါတယ်။ အဲဒီအထဲမှာ အမြဲတမ်းစစ်ဆေးရေးဂိတ် ၆ ခု၊ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးဂိတ် ၁၃ ခု၊ အထူးကုန်သွယ်ရေးဂိတ် ၁ ခုနဲ့ ကန်ချနာဘူရီပြည်နယ်က ဘုရားသုံးဆူပတ်လမ်းမှာ ယာယီခရီးသွားဂိတ် ၁ ခုတို့ ပါဝင်ပါတယ်။
၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ ဇွန်လအထိ ထိုင်းနဲ့ မြန်မာနှစ်နိုင်ငံကြား ကုန်သွယ်မှုတန်ဖိုးဟာ ဘတ်ငွေ ၁၀၅ ဒသမ ၁၄ ဘီလျံရှိခဲ့ပြီး ဒါဟာ ၂၀၂၄ ခုနှစ်ရဲ့ အလားတူကာလနဲ့ နှိုင်းယှဉ်ရင် ၂၄ ဒသမ ၉၁ ရာခိုင်နှုန်း ကျဆင်းခဲ့တာကို ပြသနေပါတယ်။
ထိုင်းရဲ့ ပို့ကုန်တန်ဖိုးဟာ ဘတ်ငွေ ၆၃ ဒသမ ၅၇ ဘီလျံရှိခဲ့ပြီး ၁၆ ဒသမ ၃၆ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ သွင်းကုန်တန်ဖိုးကတော့ ဘတ်ငွေ ၄၁ ဒသမ ၅၇ ဘီလျံရှိခဲ့ပြီး ၃၅ ဒသမ ၀၇ ရာခိုင်နှုန်းကျဆင်းခဲ့ပါတယ်။ ကုန်သွယ်ရေးချိန်ခွင်လျှာအနေနဲ့တော့ ထိုင်းနိုင်ငံက ဘတ်ငွေ ၂၁ ဒသမ ၉၉ ဘီလျံ ပိုငွေရရှိခဲ့ပါတယ်။
အကောက်ခွန်စစ်ဆေးရေးဂိတ်တွေအလိုက် ခွဲခြမ်းစိတ်ဖြာကြည့်မယ်ဆိုရင် တက်ခ်ပြည်နယ်က မဲဆောက်နယ်စပ်ဂိတ်ဟာ ကုန်သွယ်မှုတန်ဖိုး အများဆုံးဖြစ်ပြီး ဘတ်ငွေ ၄၅ ဒသမ ၃၇ ဘီလျံ (၉ ဒသမ ၇၁ ရာခိုင်နှုန်းကျဆင်း)၊ ကန်ချနာဘူရီက ဆောင်ခလဘူရီဂိတ်က ဘတ်ငွေ ၃၂ ဒသမ ၄၀ ဘီလျံ(၃၃ ဒသမ ၂၇ ရာခိုင်နှုန်းကျဆင်း)၊ ရနောင်းအကောက်ခွန်က ဘတ်ငွေ ၁၈ ဒသမ ၁၉ ဘီလျံ (၁၂ ဒသမ ၂၃ ရာခိုင်နှုန်း ကျဆင်း) နဲ့ ချင်းရိုင်က မယ်ဆိုင်အကောက်ခွန်က ဘတ်ငွေ ၈ ဒသမ ၀၆ ဘီလျံ (၄၇ ဒသမ ၁၃ ရာခိုင်နှုန်း ကျဆင်း) တို့ဖြစ်ပါတယ်။ ပရာချု ခီရီခန်ဂိတ်မှာတော့ ဘတ်ငွေ သန်း ၃၀၀ (၉၃ ဒသမ ၉၄ ကျဆင်း) ရှိခဲ့ပြီး၊ မယ်ဟောင်ဆောင်အကောက်ခွန်က ဘတ်ငွေ သန်း ၆၉၈ (၂၆၆ ဒသမ ၃၅ ရာခိုင်နှုန်း တိုးတက်) နဲ့ ချင်းမိုင်က မယ်ဆရိန်င်းကတော့ ဘတ်ငွေ ၁၀၄ သန်း (၃၅ ရာခိုင်နှုန်းတိုးတက်) ရှိခဲ့ပါတယ်။
၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းကစပြီး မြန်မာနိုင်ငံရဲ့ သွင်းကုန်လိုင်စင် စစ်ဆေးမှုတွေ ပိုမိုတင်းကျပ်လာတာကြောင့် နှစ်နိုင်ငံကုန်သွယ်မှုအပေါ် ဖိအားတွေ ဖြစ်ပေါ်နေပါတယ်။ ဒါကြောင့် မဲဆောက်အကောက်ခွန် (နှစ်နိုင်ငံ စုစုပေါင်းကုန်သွယ်မှုရဲ့ ၄၀ ရာခိုင်နှုန်း နီးပါးကို ကိုင်တွယ်နေတဲ့ ဂိတ်) နဲ့ ရနောင်းအကောက်ခွန် (၂၀ ရာခိုင်နှုန်း နီးပါးကို ကိုင်တွယ်နေတဲ့ ဂိတ်) တို့အပေါ် သိသာထင်ရှားတဲ့ သက်ရောက်မှုတွေ ရှိခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ မြဝတီ-မဲဆောက် နယ်စပ်ဂိတ်ပိတ်တာဟာ တခြားဂိတ်တွေကို ထိခိုက်မှုမရှိသေးဘဲ မဲဆောက်နဲ့ ရနောင်းအကောက်ခွန်တို့မှာပဲ ကုန်သွယ်မှုတွေ ရပ်ဆိုင်းနေပါတယ်။
မဲဆောက်ဟာ မြဝတီနဲ့ ရန်ကုန်ကို တိုက်ရိုက်ဆက်သွယ်ထားပြီး၊ ရနောင်းကတော့ ပင်လယ်ရေကြောင်းကနေတဆင့် မြန်မာနိုင်ငံရဲ့ ကျောက်ဖြူဆိပ်ကမ်းနဲ့ ချိတ်ဆက်ထားကာ အဲဒီကနေမှ ရန်ကုန်နဲ့ တခြားအဓိက ဆိပ်ကမ်းတွေကို ကုန်ပစ္စည်းတွေ ဖြန့်ဖြူးပေးပါတယ်။ ဒါပေမဲ့ အခုလို အခြေအနေက ကြာမြင့်လာမယ်ဆိုရင်တော့ ထိုင်းပို့ကုန်လုပ်ငန်းရှင်တွေဟာ သူတို့ရဲ့ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေကို ပြောင်းလဲပြီး တခြားဂိတ်တွေကို အသုံးပြုဖို့လိုအပ်လာနိုင်ပါတယ်။
ဒါ့အပြင် ထိုင်းလုပ်ငန်းရှင်တွေဟာ ကုန်သွယ်ရေးတည်ငြိမ်မှုနဲ့ စာရွက်စာတမ်းဆိုင်ရာ အခက်အခဲတွေကို လျှော့ချနိုင်ဖို့အတွက် မြန်မာနိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်တွေကို ရှာဖွေပြီး ပို့ကုန်ဝင်ငွေရရှိဖို့နဲ့ သွင်းကုန်လိုင်စင်တွေ ရယူဖို့ကိုလည်း အားပေးပြောကြားထားပါတယ်။
မြန်မာအစိုးရက ဒီလိုမျိုး နယ်စပ်ကုန်သွယ်ရေးဂိတ် ၂ ခုကိုကြပ်မတ်တာက ဒီနယ်စပ်ဂိတ်ကနေတစ်ဆင့် KNU နဲ့ PDF တွေက ဆက်ကြေးကောက်ကြတာမှာ နေ့စဥ် ကျပ်သိန်း ၁၅၀၀ အထက် ရရှိနေကြပြီး ဒီလို KNU နဲ့ PDF ရဲ့ လစဥ်သိန်း လေးသောင်းကျော် ဆက်ကြေးတွေဟာ နိုငငံနဲ့ပြည်သူ အကျိုးမဲ့စေတဲ့ စစ်ပွဲတွေနဲ့ ကုန်စျေးနှုန်းကြီးမြင့်မှုကြောင့်ဖြစ်ပြီး တစ်ဖက်မှာ ပင်လယ်ရေကြောင်းကုန်သွယ်မှုကို မြှင့်တင်ပေးနေသလို ကျန်နယ်စပ်ဂိတ် ၁၉ ခုကလည်း သွင်းကုန်တင်သွင်းမှုတွေ စနစ်တကျခွင့်ပြုပေးနေလို့ ဝိသမလောဘသားတွေ ကုန်စျေးနှုန်း စျေးကစား ဆွဲမတင်ရင် ပြည်တွင်းမှာ ထိုင်းကုန်ပစ္စည်း ပြတ်လပ်မှုနဲ့ စျေးနှုန်း အဆမတန်မြင့်တက်လာနိုင်မှု ဖြစ်နိုင်ခြေနည်းပါးပြီး နယ်စပ်ဂိတ်နှစ်ခုပဲပိတ်ဆို့တာကို ထိုင်းကုန်စည် ပြတ်တောက်မှုနဲ့ စျေးနှုန်းအဆမတန်မြင့်တက်လာရင်တော့ ဒီလိုမျိုး ဝိသမလောဘနဲ့ စျေးကစားသူကုန်သည်တွေကို တာဝန်ရှိသူတွေက ထိထိရောက်ရောက်ပြင်းပြင်းထန်ထန် စစ်ဆေးအရေးယူပေးဖို့လည်း လိုအပ်နေပါတယ်။
Ref , The Nation Thailand
