
သက်တန့်
၂၁. ၈. ၂၀၂၅
ဗီယက်နမ်နိုင်ငံမှာကျင်းပခဲ့တဲ့ ၂၀၂၅ အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် AFF MSIG Serenity Cup 2025 ဘောလုံးပြိုင်ပွဲမှာ ငွေတံဆိပ် ဆွတ်ခူးရရှိခဲ့တဲ့ မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းဟာ ဒီနေ့မနက်အစောပိုင်းမှာ အမိမြေဆီ ပြန်လည်ရောက်ရှိလာခဲ့ပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်အပါအဝင် တာဝန်ရှိသူတွေနဲ့ ပြည်သူတွေက လှိုက်လှဲဝမ်းမြောက်စွာ ခမ်းခမ်းနားနား ဂုဏ်ပြု ကြိုဆိုခဲ့ပါတယ်။

ဩဂုတ် ၆ ရက်ကနေ ၁၉ ရက်အကြား ရက်တိုကျင်းပတဲ့ ဒီ AFF MSIG Serenity Cup 2025 ဘောလုံးပွဲမှာ မြန်မာအသင်းဟာ ချန်ပီယံဖြစ်သွားတဲ့ ဩစတြေးလျ ယူ-၂၃ ပါဝင်တဲ့ အုပ်စု (ခ) အုပ်စုဗိုလ်အဖြစ်နဲ့ ဆီမီးဖိုင်နယ်အဆင့်မှာ အစဉ်အလာခါးသီးပြိုင်ဘက် ထိုင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရလို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒေါ်လာ ၃၀၀၀၀ ချီးမြင့်ခဲ့တဲ့အပြင် ချန်ပီယံဆုရခဲ့ရင် နိုင်ငံတော်က ထိုက်ထိုက်တန်တန် ဆုချီးမြှင့်မယ်လို့ ကတိပြုခဲ့သလို တာဝန်ရှိသူတွေက ကျပ်သိန်း ၂၀၀၀ ဆုချီးမြှင့်ခဲ့ပါသေးတယ်။

ဒါပေမဲ့ ဗိုလ်လုပွဲကို အပြိုင်ဆင်နွှဲခဲ့ရာမှာ အုပ်စုအတွင်း ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပေမဲ့ ဆီမီးဖိုင်နယ်မှာ အိမ်ရှင် ဗီယက်နမ်ကိုတောင် ကျော်ဖြတ်လာနိုင်တဲ့အထိ ခြေစွမ်းမြင့်တက်လာတဲ့ ဩစတြေးလျအသင်းက မြန်မာအမျိုးသမီးအသင်းကို အုပ်စုမှာ အရေးနိမ့်ခဲ့တာ ပြန်လည် လက်စားချေခဲ့တာကြောင့် ၁ ဂိုး ဂိုးမရှိနဲ့ မြန်မာအသင်း အရေးနိမ့်ခဲ့လို့ ငွေတံဆိပ်နဲ့သာ ကျေနပ်ခဲ့ရသလို ၁၈ နှစ်အကြာမှ ပြန်လည်ရယူနိုင်ဖို့နီးစပ်ခဲ့တဲ့ AFF MSIG Serenity Cup 2025 ချန်ပီယံရွှေတံဆိပ်ကို လက်တစ်ကမ်းအလိုမှာပဲ လက်လွှတ်ခဲ့ရပေမဲ့ တတိယရတဲ့ အိမ်ရှင်ဗီယက်နမ်အထက် ရပ်တည်နိုင်ခဲ့တာ၊ မျိုးမြမြငြိမ်းက အကောင်းဆုံးဂိုးသမားဆုဆွတ်ခူးခဲ့တာနဲ့ အသင်းခေါင်းဆောင် ဝင်းသိင်္ဂီထွန်းက ဂိုးသွင်းအများဆုံးကစားသမားဆု ဆွတ်ခူးခဲ့တာတွေက ကျေနပ်စရာဖြစ်ခဲ့ပါတယ်။

