◾️ ကုန်ပစ္စည်း ဈေးတင်ရောင်းလိုသော ဝိသမလောဘသမားများနှင့် နိုင်ငံရေးမတည်ငြိမ်အောင် လှုံ့ဆော်လိုသူများက ကန့်သတ်ကုန်စည် ၃၅ မျိုး ထုတ်ပြန်ချက်အဟောင်းကို လူမှုကွန်ရက်တွင် ဖြန့်ဝေခဲ့ခြင်းဖြစ်ဟု ဆို
၂၀. ၈. ၂၀၂၅
Written by Nyein Kyaw
လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့ခဲ့သည့် ယာယီတင်သွင်းခွင့်မပြုသည့် ကုန်ပစ္စည်း ၃၅ မျိုး စာရင်းတွင်ပါဝင်သော ကုန်စည်များအား သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီ သွင်းကုန်လိုင်စင် ခွင့်ပြုပေးနေကြောင်း စီးပွားရေးလုပ်ငန်းရှင်များထံမှ သိရသည်။
မြန်မာနိုင်ငံအတွင်း တင်သွင်းနေသည့် ကုန်ပစ္စည်းများအနက်မှ ယာယီတင်သွင်းခွင့်မပြုသည့် ကုန်ပစ္စည်း ၃၅ မျိုးစာရင်းဟုဆိုကာ Facebook အပါအဝင် လူမှုကွန်ရက်စာမျက်နှာများ၌ ပြီးခဲ့သည့်အပတ်တွင် ဖော်ပြခဲ့ကြသည်ကို တွေ့ရှိရပြီး ဖော်ပြခဲ့သည့် ကုန်ပစ္စည်း ၃၅ မျိုးသည် လတ်တလောထုတ်ပြန်ချက် မဟုတ်ဘဲ အချက်အလက်အဟောင်းသာဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါစာရင်း၌ ပါဝင်သည့် ပစ္စည်းများအနက် ဓာတ်လှေကား၊ ခြေညှပ်ဖိနပ်၊ ဘတ္ထရီ၊ ဆေးဝါး၊ လက်ကိုင်တယ်လီဖုန်း၊ ခေါက်ဆွဲ၊ ကြာဇံ၊ ကားတာယာ၊ ဘီစကစ်နှင့် လုပ်ငန်းလိုအပ်ချက်ရှိသည့် လုပ်ငန်းသုံးယန္တရား၊ ဒိုက်ဘာ၊ တစ်ရှူး၊ အင်ဂျင်ဝိုင်၊ မီးလုံး၊ ပလပ်စတစ်လူသုံးကုန်ပစ္စည်း အမျိုးအမည်တော်တော်များများကို သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီ သွင်းကုန်လိုင်စင် ခွင့်ပြုပေးနေကြောင်း သိရသည်။
ဈေးကွက်အတွင်း၌လည်း အဆိုပါပစ္စည်းများကို အလွယ်တကူ ဝယ်ယူရယူနိုင်ခြင်းကို တွေ့ရသည့်အပြင် Shopping Mall များ၊ ဈေးများနှင့် ကုန်ပစ္စည်းသိုလှောင်ရုံများတွင်လည်း ကုန်ပစ္စည်း လက်ကျန်များ များစွာရှိနေကြောင်း သိရသည်။
ထို့ကြောင့် ယင်းကဲ့သို့ လူမှုကွန်ရက်စာမျက်နှာများတွင် ဖော်ပြခဲ့ခြင်းသည် ကျင့်ဝတ်နှင့် မလျော်ညီသည့် ဝိသမလောဘသားများက ၎င်းတို့လက်ထဲ၌ရှိနေသည့် ကုန်ပစ္စည်းများကို ဈေးတင်ရောင်းချလိုသောကြောင့် လုပ်ဆောင်ခြင်းဖြစ်နိုင်သကဲ့သို့ ကုန်ဈေးနှုန်းတက်လာအောင်ပြုလုပ်ပြီး ဈေးကွက်မတည်မငြိမ်ဖြစ်အောင် ဖန်တီးခြင်းလည်းဖြစ်နိုင်ကြောင်း သုံးသပ်ထားသည်။
ထို့ပြင် နိုင်ငံတွင်လက်ရှိကြုံတွေ့နေရသည့် အခြေအနေများကို အခွင့်ကောင်းယူပြီး နိုင်ငံရေးမတည်မငြိမ်ဖြစ်အောင် မသမာသူများက လှုံ့ဆော်နေခြင်းလည်း ဖြစ်နိုင်ကြောင်း လုပ်ငန်းရှင်များက သုံးသပ်ထားသည်။
