◾️ မကွေးတိုင်းသည် ပန်းတိုင်ရည်မှန်းချက်အထွက်နှုန်း ပြည့်မီမှုမရှိသေးကြောင်းနှင့် အောင်လံခရိုင်တွင် ပန်းတိုင်ရည်မှန်းချက် မပြည့်မီ၍ နှစ်စဥ် ကျပ် ၄၆၅ ဘီလျံခန့် လျော့နည်းနေဟုပါ ပြောကြား

၂၀. ၈. ၂၀၂၅
Written by Nyein Kyaw
မကွေးတိုင်းဒေသကြီးတွင် စိုက်ပျိုးရေးနှင့်ပတ်သက်၍ ယာမြေများကို အသွင်ပြောင်း လယ်ယာမြေများအဖြစ် ဖော်ဆောင်နိုင်ရေး စီမံဆောင်ရွက်နေကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့တွင် အောင်လံမြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။
မကွေးတိုင်းဒေသကြီး၌ စိုက်ပျိုးရေးနှင့်ပတ်သက်၍ ယာမြေများကို အသွင်ပြောင်းလယ်မြေများအဖြစ် ဖော်ဆောင်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ အဓိကအားဖြင့် စိုက်ပျိုးရေးလုပ်ငန်းများကို စနစ်တကျစိုက်ပျိုး ဆောင်ရွက်နိုင်ခြင်းဖြင့် အထွက်နှုန်းများ ပိုမိုတိုးတက်လာစေရန်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

သီးနှံအထွက်နှုန်းနှင့်ပတ်သက်၍ မကွေးတိုင်းဒေသကြီးအတွင်း ပန်းတိုင်ရည်မှန်းချက် ပြည့်မီမှုမရှိသေးသည်ကိုတွေ့ရကြောင်း၊ ပန်းတိုင်ရည်မှန်းချက် ပြည့်မီမှုမရှိခြင်းကြောင့် အောင်လံခရိုင်တွင် နှစ်စဉ်ဝင်ငွေ ငွေကျပ် ၄၆၅ ဘီလျံခန့် လျော့နည်းလျက်ရှိသည်ကိုတွေ့ရှိရကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
ပန်းတိုင်ရည်မှန်းချက်ပြည့်မီအောင် ဆောင်ရွက်ခြင်းဖြင့် ကုန်ထုတ်လုပ်မှုများ တိုးတက်လာမည်ဖြစ်ပြီး ဒေသတွင်းဝယ်လိုအားနှင့် ရောင်းလိုအားများ တိုးတက်ကောင်းမွန်လာကာ ဒေသစီးပွားကို များစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
