




နေမိုး
၂၀. ၈. ၂၀၂၅
၁၀၂၇ စစ်ဆင်ရေးနဲ့ မြန်မာတစ်ပြည်လုံးသွေးချောင်းစီးစေခဲ့တဲ့ မြို့သိမ်းတိုက်ပွဲတွေကို အစပြုခဲ့တဲ့ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တွေကို ငွေကြေးနဲ့လက်နက်လူသူ ပံ့ပိုးပေးတယ်လို့ အမြဲတစေ ဝေဖန်ခံနေရတဲ့”ဝ” လက်နက်ကိုင်တပ်ဖြစ်တဲ့ UWSA ဟာ ဒီနေ့မှာတော့ တအာင်းတပ် – TNLA, ကိုးကန့်တပ် – MNDAA နဲ့ ရှမ်းတပ် – SSPP အစရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင် (၃) ဖွဲ့ပါဝင်တဲ့ ဆွေးနွေးပွဲကို ပန်ဆန်းမြို့မှာ ပြုလုပ်ခဲ့ပြီး ဒီလက်နက်ကိုင်တွေအပေါ် ငွေကြေးနဲ့ လက်နက် ဆက်လက်မပံ့ပိုးပေးဖို့ ဆုံးဖြတ်ခဲ့တယ်ဆိုတဲ့ သူ့ရဲ့ တရားဝင် စစ်ရေးဆုံးဖြတ်ချက်တွေကို ကြေညာခဲ့ကြောင်း WSTV က ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်တဲ့အကြောင်း Wa News Land က ဖော်ပြလာပါတယ်။
“ဝ” ဗဟိုနိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီအဖွဲ့ဝင် အစိုးရဒုတိယ ဥက္ကဋ္ဌ ပြည်ပဆက်ဆံရေးဝန်ကြီး Zhao Guoan က ဆွေးနွေးပွဲ တက်ရောက်လာကြတဲ့ ကိုးကန့်တပ်၊ တအာင်းတပ်နဲ့ ရှမ်းတပ်မတော်တို့ကို လက်ရှိစစ်ပွဲနဲ့ မငြိမ်မသက်မှု ကိစ္စရပ်ကို ဦးစွာ အသိပေးပြီး “ဝ” ပြည်နယ်ဘက်က နောက်ဆုံးအဆုံးအဖြတ်ကို အစီရင်ခံခဲ့သလို တက်ရောက်အမှာစကား ပြောကြားခဲ့တယ်ဆိုပါတယ်။





ဆွေးနွေးပွဲကို တိုင်းရင်းသား လက်နက်ကိုင် (၃) ဖွဲ့လုံးက အကြီးတန်း ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပြီး “ဝ” တပ် – UWSA ဘက်ကလည်း သူ့ရဲ့ တရားဝင်စစ်ရေး ဆုံးဖြတ်ချက်တွေကို ကိုယ်စားလှယ်အဖွဲ့တွေသိရှိအောင် ကြေညာခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။
Zhao Guoan က “ဤအလွန်အရေးကြီးသော အစည်းအဝေးသို့ တက်ရောက်ခဲ့ကြသည့် ညီအကို အဖွဲ့အစည်းများအားလုံးကို ကျေးဇူးတင်ပါသည်။ သိသာထင်ရှားသော “ဝ” ဒေသ၏ ဆုံးဖြတ်ချက်ကို အသိပေးရန် ဆောင်ရွက်ပေးခြင်း ဖြစ်ပါသည်။ ဤအရေးကြီးဆုံးဖြတ်ချက်ကို တရားဝင်မကြေညာမီတွင် “ဝ” ဒေသဘက်မှ ညီအကိုမောင်နှမများကိုယ်စား “ဝ” ဒေသ၏ ငြိမ်းချမ်းရေး ရပ်တည်ချက်နှင့် လက်ရှိရင်ဆိုင်နေရသော အလွန်ဆိုးရွားသော အခြေအနေများကို အသိပေးလိုပါသည်။ “ဝ” ဒေသသည် မည်သည့် လက်နက်နှင့် ကိရိယာကိုမျှ ပံ့ပိုးပေးတော့မည် မဟုတ်ကြောင်း၊ စစ်ရေးအရ လွယ်ကူချောမွေ့စေရေး၊ သို့မဟုတ် မည်သည့် အဖွဲ့အစည်းကို မည်သည့် အကြောင်းပြချက်၊ အချိန်မရွေး၊ မည်သည့် နေရာ၌ဖြစ်စေ ငွေကြေး အကူအညီ ပေးမည် မဟုတ်ပေ။ ဤဆုံးဖြတ်ချက်ကိုလည်း အများပြည်သူသို့ တရားဝင် ကြေညာမည်ဖြစ်ပြီး အဖွဲ့အစည်းများအနေဖြင့် လက်နက်နှင့် စက်ကိရိယာများ၊ ငွေကြေးအကူအညီများ သို့မဟုတ် အခြားထိုကဲ့သို့သော ကိစ္စရပ်များကို တောင်းဆိုခြင်းဖြင့် “ဝ” ဒေသကို ထပ်မံနှောင့်ယှက်ခြင်းမှ ရှောင်ကျဉ်ရန် အဖွဲ့အစည်းများအား တိုက်တွန်းအပ်ပါသည်”လို့ ပြောခဲ့တယ်ဆိုပါတယ်။





Zhao Guoan က UWSA ဆုံးဖြတ်ချက်ဖြစ်တဲ့ လက်နက်၊ ငွေကြေး ဘယ်အဖွဲ့ကိုမှ မပေးတော့ဘူးဆိုတာကို မြန်မာအမျိုးသား ဒီမိုကရေတစ် မဟာမိတ် တပ်မတော် (MNTJP/MNDAA)၊ ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦး/တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) နဲ့ ရှမ်းပြည်တိုးတက်ရေး ပါတီ/ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSPP/SSA) ကိုယ်စားလှယ်တွေ အနေနဲ့လည်း UWSA ရဲ့ တရားဝင် စစ်ရေးဆုံးဖြတ်ချက်နဲ့ စပ်လျဉ်းပြီး အဖွဲ့ (၃) ဖွဲ့လုံးက “ဝ” ဒေသရဲ့ ဆုံးဖြတ်ချက်ကိုနားလည် သဘော ပေါက်ကြောင်း ဖော်ပြခဲ့ကြတယ်လို့ ရေးသားထားပါတယ်။
တွေ့ဆုံဆွေးနွေးပွဲကို “ဝ” ဘက်က ဗဟိုနိုင်ငံရေးဗျူရို၏အမြဲတမ်းကော်မတီအဖွဲ့ဝင် Zhao Zhongdan ၊ Zhao Guoan၊ Luo Yaku၊ Zhao Yannalai၊ Xiao Saibao၊ Bao Sanmure၊ Ping၊ Zhao the Brisaohu၊ စတဲ့ UWSA ထိပ်ပိုင်းတာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။
မှတ်ချက်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဆင့်သာရှိသည့် UWSA က မူရင်းသတင်းတွင် ပြည်နယ်ဟုသုံးထားသည်ကို ဖြတ်တောက်ထားပါသည်။
Ref & Photo – WSTV , Wa News Land
