




၂၀.၈.၂၀၂၅
Written By Thandar
HM Production က မြန်မာပြည်က ပထမဆုံး ဖူဆယ်ဘောလုံးကိုအခြေခံထားတဲ့ ဒရာမာဇာတ်လမ်းပုံစံ “အချိန်ပို- Extra Time” ရုပ်ရှင်ဇာတ်ကားကြီး Red Carpet Show ပွဲအခမ်းအနားကို ယနေ့ ဩဂုတ် ၂၀ ရက် ညနေ ၅ နာရီက ရန်ကုန်မြို့ ဒဂုံမြို့နယ်ရှိ သမ္မတအဆင့်မြင့်ရုပ်ရှင်မှာ ကျင်းပခဲ့ပါတယ်။
“ကျွန်တော့်အနေနဲ့ ဖူဆယ်ဘောလုံးနဲ့ပတ်သက်ပြီးတော့ရိုက်ထားတာမို့ ကုန်ကျစရိတ်က တစ်ထောင်မှန်းတာ နှစ်ထောင်ဖြစ်သွားတာပါ။ ဇာတ်ကားရုံတင်ရတော့မယ်ဆိုတော့ ကိုယ်တိုင် ခုချိန်ထိ အိပ်မက် မက်နေသလို ခံစားနေရပါတယ်။ ဘယ်လိုခံစားချက်ကြီးမှန်းမသိပါဘူး။ ကိုယ်တိုင်က Producer ဆိုတော့ ဒူးနာလည်း ကိုယ် နားလို့လည်း နားမရဘူး။ ကွင်းကိုလည်း ပြိုင်ပွဲကာလကြီး ဝင်ရိုက်ခဲ့ရတာပါ။ MFF ကိုလည်း တကယ်ကျေးဇူးတင်တယ်။ နာလည်းမနာချင်ယောင်ဆောင် ရိုက်ရတော့တာပေ့ါ။ Actor ကြီးတွေကချစ်လို့ ကိုယ့်ကို လျှော့ပေးကြပါတယ်။ ရုံတင်မယ်ဆိုတော့ စိုးရိမ်မှုတော့မရှိပါဘူး။ လာကြည့်ဖို့တော့အရေးကြီးတယ်။ အဲဒီငွေကို ဆုံးသွားပြီလို့ပဲ သတ်မှတ်ပြီး အားလုံးကို အလကားတောင် ကြည့်စေချင်ခဲ့တာပါ” လို့ သရုပ်ဆောင်မာန်ဟိန်းက (HM Production) က ပြောပါတယ်။
အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း မာန်ဟိန်း၊ ဇာတ်ညွှန်း MSY တို့က ရေးသားပြီး ဒါရိုက်တာ ပြည့်ဖြိုးဟန် (PD) က သရုပ်ဆောင် နေထက်လင်း၊ သူထူးစံ၊ မာန်ဟိန်း၊ ချောကလျာ၊ မင်းဘုန်းမြတ်၊ နေခြည်ရွှန်းလက်၊ မှူးသခင်ကို စတဲ့ အနုပညာရှင်တွေ ဘောလုံးကစား သမားတွေနဲ့ ပါဝင်ရိုက်ကူးကြပါတယ်။
“အချိန်ပို- Extra Time” ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် ဩဂုတ် ၂၂ ရက်မှာ မြန်မာတစ်ပြည်လုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံမှာ ရုံတင်ပြသမှာဖြစ်ပါတယ်။
