◾ မြန်မာဖိုက်တာသုံးယောက်စလုံး ရှုံးနိမ့်သည့်အပြင် နိုင်သွားသည့် ပြိုင်ဘက်နှစ်ယောက်က ဘတ် ၃၅၀၀၀၀ ဆီ ဆုကြေး ရရှိသွားကြ

၁၅. ၈. ၂၀၂၅
Written by Thettant
ဒီနေ့ည ထိုင်းနိုင်ငံမှာကျင်းပနေတဲ့ One Friday Fights 120 မှာ မြန်မာကိုယ်စားပြုအဖြစ် ဟာလိမ်းအွန်၊ စိုးနောင်ဦးနဲ့ သန့်ဇင်တို့ သုံးဦးပွဲထုတ်လာရာမှာ သုံးယောက်စလုံး အရှက်ရဖွယ် ရှုံးနိမ့်သွားကြပါတယ်။
ချင်းဖိုက်တာ ဟာလိမ်းအွန်ဟာ သူ့ထက် ၇ နှစ်ငယ်ပြီး ၅ လက်မမြင့်တဲ့ ဂျပန်ဖိုက်တာ ဂျုရိုင်းအီရှီကို ရင်ဆိုင်ခဲ့ရာမှာ ဘာတစ်ခုမှ ဟုတ်ဟုတ်ငြားငြားလုပ်မပြနိုင်ဘဲ တစ်ဖက်သတ်အထိုးခံရင်း တတိယအချီပြီးဖို့ စက္ကန့် ၄၀ ကျော်အကျန်မှာ အီရှီရဲ့ အမြင့်ကန်ချက်မိပြီး အလဲထိုးခံလိုက်သလို အီရှိက ဘတ် ၃၅၀၀၀၀ ဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။
ဟာလိမ်းအွန် ရုပ်ပျက်ဆင်းပျက်ရှုံးအပြီးမှာပဲ မြန်မာဖိုက်တာ စိုးနောင်ဦးဟာ သူ့ထက် အလုံးအထည်သာတဲ့ လက်ဘနွန်ဖိုက်တာ အိုမာ အယ်လ် ဟာလာဘီနဲ့ ထိုးသတ်ရာမှာလည်း အမှတ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

ဟာလိမ်းအွန်နဲ့ စိုးနောင်ဦးတို့ ရှုံးသွားလို့ One မှာပဲ တခဲရုနဲ့ ဆူရီယန်လက်ခ်ကို နှစ်ပွဲဆက်ရှုံးခဲ့တဲ့ သန့်ဇင်ဟာ ထိုင်းပြိုင်ဘက် ဂင့်ဆန်လက်ခ်ကို အနိုင်ယူနိုင်မလား၊ ရှေ့ကနှစ်ယောက် ရှုံးထားတာ အဖတ်ဆည်နိုင်မလား တွေးပေမဲ့ သန့်ဇင်က ပိုဆိုးနေခဲ့ပြီး ပထမအချီ နှစ်မိနစ်အတွင်း အလဲထိုးနဲ့ ရုပ်ပျက်ဆင်းပျက် ရှုံးသွားခဲ့ပါတယ်။
ပွဲအစမှာ သန့်ဇင်ဟာ ဆူရီယန်လက်ခ်ကို ရှုံးခဲ့တဲ့ အောက်ခြေကန်ချက် ကန်ပြီးရင် တစ်ပတ်လည်သွားပြီး နောက်ဆက်တွဲ တံတောင်တွေ လက်ပြန်တွေ၊ နောက်ဆုတ်ရှောင်တာမျိုးတွေ မလုပ်တတ်တဲ့ အားနည်းချက်ကို အခုပွဲလည်း ဆက်ထိန်းသွားခဲ့ပြီး စူပါလက်ခ်တို့ Gym မှာ နှစ်ပတ်သုံးပတ်ကြာ လေ့ကျင့်လို့ တိုးတက်လာမှု မမြင်ခဲ့ရပါဘူး။

သန့်ဇင်ဟာ ပွဲအစမှာ သူ့ထက် အရပ်နိမ့်ပေမဲ့ ကြံခိုင်မှုသာ မာဂုဏ်မြင့်တဲ့ ဂင့်ဆန်လက်ခ်ကို ဆိုင်ထိုးရာမှာ ပွဲအစ ၁၅ စက္ကန့်မှာတင် အမြင့်ကန်ချက် မေးတည့်တည့်ထိပြီး မူးဝေသွားသလို အမှတ်စဥ်အရေခံရရာမှာတင် အထိနာသွားတာ သိသာခဲ့ပါတယ်။ မူးဝေနေတဲ့ သန့်ဇင် အထိနာသွားချိန်မှာ အခြေအနေမသုံးသပ်နိုင်ဘဲ ဆိုင်ထိုးရာမှာ ခြေကန်မှုအားနည်းချက်တွေကြောင့် သန့်ဇင်ကို စနစ်တကျလေ့လာထားတဲ့ ဂင့်ဆန်လက်ခ်က အနီးကပ်ပြီး ဘယ်ညာတွဲလုံးထိုးချိန်မှာ သန့်ဇင် ဒုတိယအကြိမ် အမှတ်စဥ်ရေခံရပြန်သလို ပြန်အတည်မှာ ချောင်ပိတ်မိပြီး ထပ်ပြီး ဘယ်ညာလက်သီးအကျွေးခံရရာမှာတော့ မေ့သလိုလိုဖြစ်သွားလို့ ဒိုင်ကပွဲရပ်လိုက်ရပါတယ်။
သန့်ဇင်ဟာ တွေ့မရှောင်အသေးစားလေးလို့ နာမည်ကျော်ခဲ့သလို တွေ့မရှောင်လို ပြိုင်ဘက်ကို မလေ့လာဘူးလို့ ပြောခဲ့ဖူးသူပါ။ ဒါပေမဲ့ သူဟာ တွေ့မရှောင်အဆင့်မရှိသလို တွေ့မရှောင်ရဲ့ မာဂုဏ် ဆယ်ပုံပုံ တစ်ပုံလောက်ပဲရှိသူမို့ သူ့အဆင့်ဟာ ပြိုင်ဘက်ကိုလေ့လာ၊ စနစ်တကျတွက်ချက်ထိုးတတ်ဖို့ လိုပါတယ်။ ဒါပေမဲ့ သန့်ဇင်ဟာ ပြိုင်ဘက်လည်း မလေ့လာ Fight IQ လည်း နိမ့်တော့ အရှုံးကနေ ပြန်မလာနိုင်တော့သလို ပြိုင်ဘက်ကိုလည်း ဘတ် ၃၅၀၀၀၀ ဆုယူခွင့်အပြင် One မှာ မြန်မာဖိုက်တာ သုံးယောက်ပြိုင် သုံးယောက်စလုံး ထိုင်းဖိုက်မှာ ရှုံးတယ်ဆိုတဲ့ အရှက်ရဖွယ်ရလဒ်ကို နောက်ဆုံးပိတ် အိတ်နဲ့လွယ် သူ တကယ်ယူပေးလိုက်ပါတော့တယ်။
