
၁၅. ၈. ၂၀၂၅
Written by Thettant
ဒီနေ့ည ထိုင်းနိုင်ငံမှာကျင်းပနေတဲ့ One Friday Fights 120 မှာ မြန်မာကိုယ်စားပြုအဖြစ် ဟာလိမ်းအွန်၊ စိုးနောင်ဦးနဲ့ သန့်ဇင်တို့ သုံးဦးပွဲထုတ်လာရာမှာ ကနဦး ပွဲထွက်သူ ဟာလိမ်းအွန်ရော စိုးနောင်ဦးပါ ရှုံးနိမ့်သွားကြပါတယ်။
ချင်းဖိုက်တာ ဟာလငိမ်းအွန်ဟာ သူ့ထက် ၇ နှစ်ငယ်ပြီး ၅ လက်မမြင့်တဲ့ ဂျပန်ဖိုက်တာ ဂျုရိုင်းအီရှီကို ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး အသက်ကြီးပေမဲ့ ဝါကြီးပုံမရတဲ့ ဟာလိမ်းအွန်ဟာ မွေထိုင်းကို မှန်မှန်ကန်ကန်ထိုးနိုင်တဲ့ အီရှီကို ကပ်ထိုးရမလား၊ ခွာထိုးရမလား ခွဲခြားနိုင်စွမ်းရှိပုံမရဘဲ သုံးချီစလုံးမှာ ဘာတစ်ခုမှ ဟုတ်ဟုတ်ငြားငြားလုပ်မပြနိုင်ဘဲ တစ်ဖက်သတ်အထိုးခံရင်း တတိယအချီပြီးဖို့ စက္ကန့် ၄၀ ကျော်အကျန်မှာ အီရှီရဲ့ အမြင့်ကန်ချက်မိပြီး အလဲထိုးခံလိုက်သလို အီရှိက ဘတ် ၃၅၀၀၀၀ ဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။

ဟာလိမ်းအွန် ရုပ်ပျက်ဆင်းပျက်ရှုံးအပြီးမှာပဲ မြန်မာဖိုက်တာ စိုးနောင်ဦးဟာ လက်ဘနွန်ဖိုက်တာ အိုမာ အယ်လ် ဟာလာဘီနဲ့ ၁၂၈ ပေါင်တန်းမှာ ထိုးပေမဲ့ ဟာလာဘီက ၁၃၂ ပေါင်ဖြစ်နေပြီး စိုးနောင်ဦးက ၁၂၇ ဒသမ ၂ ပေါင်မို့ ပွဲတွင်းအလုံးအထည် တော်တော်ကွာနေတာ တွေ့ရပါတယ်။ ပိုဆိုးတာက စိုးနောင်ဦးထက် ဟာလာဘီက သုံးလက်မပိုမြင့်နေလို့ ပွဲတွင်းဝိတ်ဟာ သိသိသာသာ ကွာနေနိုင်သလို ထိုးသတ်မှုမှာလည်း စိုးနောင်ဦးက မဆိုးပေမဲ့ တစ်ချိန်လုံး ခေါင်းငုံ့အထိုးခံနေတဲ့ ဟာလာဘီကို စိတ်ကြိုက်မထိုးနိုင်တဲ့အပြင် ချုပ်ဒူးတွေအတိုက်ခံရရင် ရုန်းမထွက်နိုင်တာ၊ ကပ်နှိုက်တဲ့လက်သီးတွေထွက်ပေမဲ့ အားပျော့တာ၊ ဘာလုပ်ရမယ်မသိရင် လှဲချလိုက်တာ တော်တော်ဆိုးဆိုးပါ။

တကယ်ဆို ဟာလာဘီက စိုးနောင်ဦး လဲကျချိန် တစ်ခါကန်၊ မျက်လုံးတစ်ခါနှိုက်ပြီး စိုးနောင်ဦးကြောင့် တစ်ခါဖင်ထိုင်ကျထားလို့ စိုးနောင်ဦးသာ ပါးပါးနပ်နပ် ထိုးနိုင်ရင် နိုင်ခြေရှိပါတယ်။ ဒါပေမဲ့ စိုးနောင်ဦးဟာ မပါးနပ်သလို သူ့ Team က ဖြိုးဝေတို့ဟာလည်း ကစားသမားဆီက ကော်မရှင်ခယူဖို့ကလွဲရင် ဘာအကြံဉာဏ်မှ ပေးနိုင်ဟန်မရှိတော့ One မှာ ရိုးရာကျားတွေ အခြေမလှတာလည်း မဆန်းဘူးဆိုရမှာပါ။

ခဏနေရင် One မှာပဲ တခဲရုနဲ့ ဆူရီယန်လက်ခ်ကို နှစ်ပွဲဆက်ရှုံးခဲ့တဲ့ သန့်ဇင်နဲ့ ဂင့်ဆန်လက်ခ်တို့ ဒုခေါင်ပွဲလာမှာဖြစ်ပြီး မာဂုဏ်နိမ့်တဲ့ သန့်စင်ဟာ စူပါလက်ခ်တို့ Gym မှာ ဘယ်လောက်ဖြည့်လာနိုင်မလဲ၊ အရှုံးကနေ ပြန်လာမလား၊ ရှေ့က မြန်မာတွေ နှစ်ပွဲဆက် ရှုံးခဲ့တာ အဖတ်ဆယ်နိုင်မလား ကြည့်ရဦးမှာပါ။
