◾ မြန်မာ့ဖိုက်တာ ဘရော်နီကာနဲ့ ထိုးသတ်ဖို့ ပစ်မှတ်ထားနေတဲ့ ONE Championship ရဲ့ ခါးပတ်သုံးခုပိုင်ရှင် ချန်ပီယံဟောင်း Stamp

သတိုး
၁၅. ၈. ၂၀၂၅
ONE Championship ရဲ့ ခါးပတ်သုံးခုပိုင်ရှင် ချန်ပီယံဟောင်းဖြစ်တဲ့ Stamp Fairtex ဟာ နိုဝင်ဘာလမှာ ဂျပန်နိုင်ငံမှာ ကစ်ဘောက်ဆင် ပြန်ထိုးပြီးရင် MMA ပြိုင်ပွဲ ပြန်ဝင်ဖို့ ရှိနေပေမဲ့ မမျှော်လင့်တဲ့ အစီအစဉ်တစ်ခုကို ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။
အားလုံးကတော့ နိုဝင်ဘာလမှာ ပြန်လာပြီးရင် Stamp ဟာ MMA ပြိုင်ပွဲထဲကို တန်းဝင်လာမယ်လို့ မျှော်လင့်ထားကြပါတယ်။ ဒါပေမဲ့ ONE Championship ရဲ့ ခါးပတ်သုံးခုပိုင်ရှင် ချန်ပီယံဟောင်းကတော့ အဲဒါကို ရွှေ့ဆိုင်းထားပြီး ကယန်းကျားသစ်မယ်လို့ နာမည်ကျော်တဲ့ မြန်မာ့ဖိုက်တာ ဘရော်နီကာနဲ့ ထိုးသတ်ဖို့ ပထမဆုံး တွန်းအားပေးသွားမယ်လို့ ဆိုပါတယ်။
ဘရော်နီကာဟာ ပြီးခဲ့တဲ့ မေလ ၉ ရက်က One Friday Fights 107 မှာ Stamp ရဲ့ လက်ဝှေ့လေ့ကျင်ရာ Fairtex Gym က Junior Stamp ကို ဒုတိယအချီ ၁ မိနစ် ၉ စက္ကန့်မှာ အလဲထိုးအနိုင်ယူသွားခဲ့တဲ့ ရှုံးကြွေးကို Stamp က ပြန်ဆပ်ချင်နေဟန်လည်း ရှိပါတယ်။

အသက် ၂၇ နှစ်အရွယ်ရှိတဲ့ Stamp ဟာ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလမှာ Atomweight MMA ခါးပတ်ကို ရရှိပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် နိုဝင်ဘာလ ၁၆ ရက်နေ့မှာ ဂျပန်နိုင်ငံ၊ တိုကျိုမှာ ကျင်းပမယ့် ONE 173 ပြိုင်ပွဲမှာ ဂျပန်ဖိုက်တာ Kana Morimoto နဲ့ ကစ်ဘောက်ဆင် စည်းမျဉ်းနဲ့ ယှဉ်ပြိုင် ထိုးသတ်မှာ ဖြစ်ပါတယ်။
သူမဟာ ဒဏ်ရာပြဿနာကြောင့် ဒီနှစ်အစောပိုင်းမှာ Atomweight MMA ခါးပတ်ကို စွန့်လွှတ်ခဲ့ပြီး Denice Zamboanga ကိုလည်း ကြားဖြတ်ချန်ပီယံကနေ ချန်ပီယံအဖြစ် တိုးမြှင့်ပေးခဲ့ရပါတယ်။ Stamp ဟာ ၂၀၂၄ ခုနှစ်၊ မေလမှာ Meniscus (ဒူးဆစ်အရိုးနု) ဒဏ်ရာအတွက် ခွဲစိတ်ခဲ့ရပြီး ဒီနွေရာသီမှာ ချန်ပီယံ ခါးပတ်လုပွဲအတွက် စီစဉ်ထားပေမဲ့ ဒဏ်ရာပြန်ဖြစ်လာလို့ နုတ်ထွက်ခဲ့ရပါတယ်။
Vero Nika နဲ့ ထိုးသတ်ဖို့ စီစဉ်မှုကြောင့် Zamboanga နဲ့ Ayaka Miura တို့ ယှဉ်ပြိုင်မယ့်ပွဲရဲ့ အနိုင်ရသူနဲ့ ထိုးသတ်ဖို့ရှိနေတဲ့ အစီအစဉ်ကို ၂၀၂၆ ခုနှစ်အထိ ရွှေ့ဆိုင်းသွားမှာဖြစ်ပါတယ်။
“နောက်နှစ်တော့ သေချာပေါက်ပေါ့။ ကျွန်မအနေနဲ့ ထိုင်းလက်ဝှေ့ပွဲ ထိုးပြီးမှ လုပ်ချင်တာပါ။ ကျွန်မ စိတ်ထဲက အစီအစဉ်ကတော့ ကစ်ဘောက်ဆင်ပွဲကို အရင်ထိုးမယ်။ ပြီးရင် နောက်နှစ်ကျရင် ထိုင်းလက်ဝှေ့ပွဲ တစ်ပွဲ ထပ်ထိုးပြီးမှ MMA ကို ထိုးမယ်လို့ စဉ်းစားထားပါတယ်” လို့ Stamp က Bangkok Post ကို ပြောပါတယ်။
“ကျွန်မ ဘရော်နီကာအကြောင်း တွေးမိတယ်။ သူက တော်တော်ကောင်းတဲ့ ဖိုက်တာတစ်ယောက်ပါ။ သူ့နဲ့ ထိုးဖို့ အခွင့်အရေးရရင် တကယ့်ကို ကောင်းတဲ့ပွဲဖြစ်မယ်၊ ကျွန်မတို့နှစ်ယောက်လုံးအတွက်လည်း ပျော်ဖို့ကောင်းတဲ့ပွဲ ဖြစ်မယ်လို့ ခံစားရပါတယ်” လို့ သူမက ပြောကြားခဲ့ပါတယ်။
Stamp ဟာ ထိုင်းလက်ဝှေ့ပွဲကို အရင်ထိုးချင်ပေမဲ့ MMA ခါးပတ်ကတော့ သူမရဲ့ အဓိက ပစ်မှတ် ဖြစ်နေတုန်းပဲလို့ ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ပါတယ်။

“ကျွန်မက အရင်က ချန်ပီယံဖြစ်ခဲ့ပြီးတော့ Denice ကို ချန်ပီယံဖြစ်ဖို့ ပေးခဲ့တာဆိုတော့ အဲဒီညက အနိုင်ရတဲ့သူနဲ့ ထိုးသွားမှာပါ။ သူတို့ ခါးပတ်ကာကွယ်ဖို့ ပထမဆုံး ထိုးရမှာက ကျွန်မ ဖြစ်သင့်တယ်။ ရှုံးတဲ့သူနဲ့ မထိုးပါဘူး။ ချန်ပီယံနဲ့ပဲ ထိုးသွားမှာပါ” လို့ သူမက ဆိုပါတယ်။
Zamboanga နဲ့ Miura တို့ပွဲစဉ်နဲ့ ပတ်သက်ပြီးတော့လည်း “Ayaka က Denice နဲ့ ဆိုင်ထိုး (Stand-up) ကစားရင်တော့ Denice နိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒါပေမဲ့ Ayaka က မြေပြင်ကို ခေါ်သွားနိုင်ရင်တော့ မြန်မြန်ပြီးသွားနိုင်ပါတယ်။ Ayaka နိုင်နိုင်တယ်။ အခုတော့ ၅၀-၅၀ ဆိုတော့ ကျွန်မ ရွေးလို့မရဘူး” လို့ သူမက ထပ်လောင်း ပြောကြားခဲ့ပါတယ်။
နောက်ထပ် ပြိုင်ဘက်ဟောင်းတစ်ယောက်လည်း စောင့်နေနိုင်ပါတယ်။ ၂၀၂၀ မှာ Stamp ဆီက Atomweight ထိုင်းလက်ဝှေ့ခါးပတ်ကို ဆွတ်ခူးရယူသွားခဲ့တဲ့ Allycia Rodrigues ကလည်း MMA ဘက်ကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေတယ်လို့ အရိပ်အမြွက်ပြခဲ့ပါတယ်။
“သူမက ကျွန်မကို ချစ်သလား မသိဘူး။ သူက ကျွန်မနဲ့ အချိန်တိုင်း ထိုးချင်နေတယ်။ ဒါပေမဲ့ ရပါတယ်။ သူမ MMA မှာ မိန်းကလေး တချို့နဲ့ အရင် ယှဉ်ပြိုင်တာကို စောင့်ကြည့်ရအောင်။ ဘာလို့လဲဆိုတော့ MMA မှာ ကျွန်မရဲ့ ဝိတ်တန်းမှာ ဖိုက်တာကောင်းတွေ အများကြီး ရှိပါတယ်။ သူမ အားလုံးကို နိုင်ခဲ့ရင် ကျွန်မနဲ့ လာထိုးလို့ရပါပြီ” လို့ Stamp က ရယ်မောရင်း ပြောပြခဲ့ပါတယ်။
အခုအချိန်မှာတော့ သူမရဲ့ အာရုံက Kana နဲ့ ကစ်ဘောက်ဆင် စည်းမျဉ်းအောက်မှာ အချိန်အကြာကြီး စောင့်မျှော်ခဲ့ရတဲ့ ပွဲစဉ်ဆီကိုပဲ ရောက်နေပါတယ်။

“တကယ်ကို စိတ်လှုပ်ရှားမိပါတယ်။ ပြန်လာတဲ့ ပထမဆုံးပွဲက ကျွန်မကြိုက်တဲ့ စည်းမျဉ်းအောက်က မဟုတ်ပါဘူး။ ကစ်ဘောက်ဆင်ပါ။ ဒါပေမဲ့ ကျွန်မရဲ့ ခန္ဓာကိုယ် ဘယ်လိုရှိနေလဲဆိုတာကို သိချင်နေပါတယ်။ ပရိသတ်တွေကို မြင်တွေ့ရမှာကိုလည်း တကယ်ကို စိတ်လှုပ်ရှားမိပါတယ်။ အရမ်းလည်း ရင်ခုန်နေတယ်။ ကျွန်မရဲ့ ခန္ဓာကိုယ် ဘယ်လိုရှိနေလဲ၊ ပွဲက ဘာတွေ ဖြစ်လာမလဲဆိုတာကိုလည်း မသိပါဘူး” လို့ Stamp က ဆိုပါတယ်။
Stamp ဟာ မေလမှာ Kana နဲ့ ပထမဆုံး ထိုးဖို့ စီစဉ်ထားခဲ့ပေမဲ့ ဒူးဒဏ်ရာ ပြန်ဖြစ်လာလို့ နုတ်ထွက်ခဲ့ရပါတယ်။ “ကျွန်မရဲ့ ဒူးစပြီး နာလာတာနဲ့၊ ဒီဒူးက ကျွန်မပွဲထိုးဖို့ အဆင်ပြေနေဖို့ လိုမယ်လို့ တွေးခဲ့မိပါတယ်” လို့ သူမက ပြောပါတယ်။ “အခုတော့ ၁၀၀ ရာခိုင်နှုန်းနီးပါး အားလုံး ပိုကောင်းလာပါပြီ။ Kana နဲ့ ထိုးခါနီးမှာ ၁၀၀ ရာခိုင်နှုန်း ပြည့်ဝဖို့ မျှော်လင့်ပါတယ်” လို့ ဆိုပါတယ်။
ကစ်ဘောက်ဆင် စည်းမျဉ်းက သူမ အကြိုက်ဆုံး မဟုတ်ပေမဲ့ ပြိုင်ပွဲတွေဆီ ပြန်ဝင်ဖို့အတွက် စဉ်းစားစရာနည်းလမ်းတစ်ခုအဖြစ် မြင်ပါတယ်။ “ထိုင်းလက်ဝှေ့ဆိုရင်တော့ ပိုပြီး အန္တရာယ်များမယ်လို့ ယူဆမိပါတယ်။ ကစ်ဘောက်ဆင်ကတော့ ကျွန်မ ပိုကြိုက်တဲ့ စည်းမျဉ်းတော့ မဟုတ်ဘူး၊ ကျွန်မအတွက် အကောင်းဆုံးလည်း မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်မ ခန္ဓာကိုယ်အတွက် ကောင်းတဲ့ စမ်းသပ်မှုတစ်ခု ဖြစ်နိုင်တယ်လို့ ထင်ပါတယ်” လို့ သူမက ပြောပါတယ်။
ဂျပန်ကြယ်ပွင့်ဆီကနေ ပြင်းထန်တဲ့ စိန်ခေါ်မှုတစ်ခုကို သူမက မျှော်လင့်ထားပါတယ်။
“Kana က တကယ်ကောင်းတယ်။ မြန်ပြီးတော့ လက်သီးအားလည်း ကောင်းတယ်။ အရာရာမှာ တကယ်ကို ကောင်းတယ်။ လှုပ်ရှားမှုတွေ အရမ်းကောင်းတယ်။ အသွားအပြန်လည်း မြန်တယ်။ ခြေလှမ်းအလုပ်လည်း ကောင်းတယ်။ ကျွန်မထင်ပါတယ်။ သူက တကယ်ကို ကောင်းတဲ့ ဖိုက်တာတစ်ယောက်ပါ” လို့ Stamp က ပြောပါတယ်။
Stamp ရရှိခဲ့တဲ့ ခါးပတ်တွေက ONE Women’s Atomweight Kickboxing World Champion, ONE Women’s Atomweight Muay Thai World Champion နဲ့ ONE Women’s Atomweight MMA World Champion ဆုတွေဖြစ်ပြီး သူမဟာ ONE Championship ရဲ့ ပြိုင်ပွဲ ၃ မျိုးစလုံး (ကစ်ဘောက်ဆင်၊ ထိုင်းလက်ဝှေ့နဲ့ MMA) မှာ ချန်ပီယံဆုတွေ ရယူနိုင်ခဲ့တဲ့ ပထမဆုံး ဖိုက်တာလည်း ဖြစ်ပါတယ်။
Stamp စိန်ခေါ်တဲ့ ဘရော်နီကာဟာလည်း မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးရွှေခါးပတ်ချန်ပီယံဖြစ်ခဲ့သလို ကမ္ဘာ့မွေထိုင်းအဖွဲ့ချုပ် (WMO) က ပေးအပ်တဲ့ ၂၀၂၂ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီးဖိုက်တာဆုရှင်လည်းဖြစ်ပြီး ထိုင်းဘုရင့်ဖလားလို့ လူသိများတဲ့ Thai Fight Royal Cup -53kg title ချန်ပီယံဆုကိုလည်း ၂၀၂၂ ခုနှစ်နဲ့ ၂၀၂၃ ခုနှစ်မှာ ဆွတ်ခူးခဲ့သူပါ။ One Championship ဆီကို ဒီနှစ် ဇန်နဝါရီက ရွှေ့ပြောင်းထိုးသတ်ရာမှာတော့ တစ်ပွဲရှုံး၊ တစ်ပွဲနိုင်တဲ့ ရလဒ် ရရှိထားပေမဲ့ ချန်ပီယံအဖြစ် တက်လှမ်းလာနိုင်မယ်လို့ မျှော်လင့်ခံထားရသူပါ။
အခုလို ထိုင်းနိုင်ငံရဲ့ စံချိန်တင်သုံးထပ်ကွမ်း ချန်ပီယံဟောင်း Stamp ရဲ့ စိန်ခေါ်မှုအပေါ် ဘရော်နီကာက “Stamp ဟာ ကမ္ဘာ့အကောင်းဆုံး ဖိုက်တာတွေထဲက တစ်ယောက်ဖြစ်ပြီး ကျွန်မ သူ့ကို အများကြီး လေးစားပါတယ်။ ဒီပွဲသာ ဖြစ်လာခဲ့မယ်ဆိုရင် ကျွန်မအတွက် စိန်ခေါ်မှုကြီးတစ်ခုဖြစ်သလို ကျွန်မတို့ ပရိသတ်တွေအတွက်လည်း အထူးခြားဆုံး အခိုက်အတန့်လေး ဖြစ်ပါလိမ့်မယ်။ စင်ပေါ်ကို တက်လှမ်းဖို့ အခွင့်အရေးတိုင်းအတွက် ကျေးဇူးတင်မိပြီး ကျွန်မမှာရှိသမျှ အရာအားလုံးကို ပေးဆပ်သွားမှာပါ။ ပွဲတိုင်းဟာ ကောင်းချီးမင်္ဂလာတစ်ခုဖြစ်ပြီး လူတိုင်းကို သူတို့ရဲ့ အိပ်မက်တွေကို ဆက်လက်ယုံကြည်ဖို့ စိတ်ဓာတ်ခွန်အားဖြစ်စေမယ်လို့ မျှော်လင့်ပါတယ်” လို့ လူမှုကွန်ရက်ကနေ တုံ့ပြန်ခဲ့ပါတယ်။
Ref , Bangkok Post
