◾️ ၂၀၂၂ ခုနှစ်ကတည်းက ထုတ်ပြန်ထားသည့် တင်သွင်းရန် ကန့်သတ်ကုန်စည်စာရင်း လူမှုကွန်ရက်တွင် ပျံ့နှံ့လာပြီးနောက် အရေးကြီးဆေးဝါးများ ပြတ်လပ်မှုမရှိသော်လည်း ဈေးနှုန်းမြင့်တက်နေ
◾️ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ၊ ကင်ဆာ၊ ကျောက်ကပ်ဆေးရန်လိုအပ်သော ဆေးဝါးပစ္စည်းများအပြင် အရေးကြီးဆေးဝါးများအား ပုံမှန်တင်သွင်းနိုင်ရန်ပါ ဆောင်ရွက်ပေးနေဟု အသိပေးထား

၁၅. ၈. ၂၀၂၅
Written by Nyein Kyaw
လစဉ်ပုံမှန်စိစစ်ခွင့်ပြုချထားပေးသော ဆေးဝါးနှင့်ဆေးပစ္စည်း တင်သွင်းခွင့်လိုင်စင်ရရှိသည်နှင့် တစ်ပြိုင်နက် မှာယူတင်သွင်းခြင်းများ ဆောင် ရွက်နေ၍ ဈေးကွက်အတွင်း ဆေးဝါးပြတ်လပ်မှုမရှိသည့်အပြင် အနယ်နယ်အရပ်ရပ်သို့ ပုံမှန်ရောင်းဝယ်ဖြန့်ဖြူးပေးနေကြောင်း မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းက ယနေ့တွင် အသိပေးထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းသည် ကျန်းမာရေးစောင့်ရှောက်မှုအတွက် လိုအပ်သော ဆေးဝါးနှင့်ဆေးပစ္စည်းများ ဈေးကွက်တွင် မပြတ်လပ်ရေးနှင့် ဈေးနှုန်းတည်ငြိမ်ရေးဆိုသည့် ဦးတည်ချက် (၂)ရပ်ဖြင့် လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။
အသင်းအနေဖြင့် ဈေးကွက်တွင် ဆေးဝါး၊ ဆေးပစ္စည်းများ ပြတ်လပ်မှုမရှိစေရန်အတွက် အသင်းဝင်ဆေးဝါးနှင့် ဆေးပစ္စည်းများ တင်သွင်းသော ကုမ္ပဏီများ၏ တင်သွင်းရန်လျှောက်ထားသော သွင်းကုန်လိုင်စင်များအား သက်ဆိုင်ရာဝန်ကြီးဌာန၏ လမ်းညွှန်မှုများအတိုင်း စစ်စစ်ဆောင်ရွက်မှုများ ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။

လစဉ်သတ်မှတ်ခွင့်ပြုပေးသည့် ပမာဏအပေါ်တွင် တင်သွင်းသည့် အသင်းဝင်ကုမ္ပဏီများ တန်းတူညီမျှသောပမာဏ ရရှိစေရန်အတွက် အချိုးကျခွဲဝေမှုစနစ်ဖြင့် လျှောက်ထားလိုင်စင်များအား စိစစ်ကာ သက်ဆိုင်ရာဌာနသို့ ပြန်လည်စုစည်း ပေးပို့တင်ပြခြင်းဖြင့် သွင်းကုန်လိုင်စင်များအား ဝန်ကြီးဌာနမှ စိစစ်ခွင့်ပြုရာတွင် လွယ်ကူချောမွေ့မှုရှိအောင် ကူညီဆောင်ရွက်ပေးနေကြောင်း ဖော်ပြထားသည်။
သက်ဆိုင်ရာဝန်ကြီးဌာနမှ လစဉ်ပုံမှန် စိစစ်ခွင့်ပြုချထားပေးခြင်းကြောင့် အသင်းဝင်ကုမ္ပဏီများအနေဖြင့်လည်း လိုင်စင်ရရှိသည်နှင့် တပြိုင်တည်း ဆေးဝါးနှင့် ဆေးပစ္စည်းများအား မှာယူတင်သွင်းခြင်းပြုလုပ်ကြသောကြောင့် ဈေးကွက်အတွင်း ကုန်ပစ္စည်းများ ကာလကြာရှည်စွာ ပြတ်လပ်မှုမျိုးများ ဖြစ်ပေါ်ခြင်းမရှိဘဲ အနယ်နယ်အရပ်ရပ်သို့ ပုံမှန်ရောင်းဝယ်ဖြန့်ဖြူးလျှက်ရှိနေပြီး ဈေးကွက်မှာ တည်ငြိမ်လျက်ရှိကြောင်း ဖော်ပြထားသည်။
ဆေးဝါးသုံးစွဲသူပြည်သူအများ လိုအပ်သောဆေးဝါးများအား ကုမ္ပဏီတိုက်ရိုက် ဈေးနှုန်းများဖြင့် လွယ်လင့်တကူ ဝယ်ယူရရှိနိုင်စေရန် ရည်ရွယ်၍လည်း အသင်းအနေဖြင့် အခါအားလျော်စွာ ဆေးဝါးရောင်းချပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဖွင့်လှစ်ရောင်းချခြင်းများကိုလည်း အခါအခွင့်သင့်သလို လုပ်ကိုင်ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။

ထို့ပြင် ပြည်သူ့ဆေးရုံများတွင် တက်ရောက်ကုသနေသော ရောဂါဝေဒနာရှင်များအတွက် သုံးစွဲရန်လိုအပ်သော ဆေးဝါးများ ပြတ်လပ်မှုမရှိစေရန်၊ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ၊ ကင်ဆာရောဂါ၊ ကျောက်ကပ်ဆေးရန်အတွက် လိုအပ်သော ဆေးဝါးပစ္စည်းများအပြင် အရေးကြီးဆေးဝါးများအား ပုံမှန်တင်သွင်းနိုင်ရန်အတွက် သက်ဆိုင်ရာဌာနများသို့ ထောက်ခံတင်ပြပေးခြင်းနှင့် ဆက်သွယ်ဆောင်ရွက်ပေးခြင်းများလည်း ဆောင်ရွက်နေကြောင်း ဖော်ပြထားသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇွန်၊ ဇူလိုင်နှင့် ဩဂုတ်လများတွင် ပြည်တွင်း၌ ဆေးဝါးနှင့် ဆေးပစ္စည်းများ ကာလကြာရှည်ပြတ်လပ်မှုနှင့် ဈေးနှုန်းအဆမတန်မြင့်မှုများ ဖြစ်ပွားခဲ့မှုကြောင့် တာဝန်ရှိသူများနှင့် ဆေးနှင့်ဆေးပစ္စည်းအသင်းတို့ ပူးပေါင်းပြီး လက်ကားတိုက်ရိုက်ဈေးနှုန်း ရောင်းချပေးခဲ့ပြီးနောက် ပစ္စည်းပြတ်လပ်မှုများ မဖြစ်ပေါ်သည့်အပြင် ဈေးနှုန်းများလည်း ပြန်လည်တည်ငြိမ်လာခဲ့သည်။
သို့သော် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ၂၀၂၂ ခုနှစ်ကတည်းက ထုတ်ပြန်ထားသော တင်သွင်းရန်ကန့်သတ်ကုန်စည်စာရင်းအား လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံလာခဲ့ပြီးနောက် ပြည်ပမှတင်သွင်းရသည့် နှလုံး၊ ဆီးချို၊ ကျောက်ကပ် အစရှိသည့် အရေးကြီးဆေးဝါးများမှာ ပြတ်လပ်မှုမရှိသော်လည်း ဈေးနှုန်းမြင့်တက်မှုများ ဖြစ်ပေါ်လာခဲ့သည်။
ဆီးချိုဆေးများသည် ယခင်က တစ်ကတ်ကို ကျပ် ၃၀,၀၀၀ ကျော်အထိ မြင့်တက်ခဲ့သည်မှ ကျပ် ၂၀,၀၀၀ ဝန်းကျင်ကို ပြန်ကျဆင်းခဲ့သော်လည်း ယခုရက်ပိုင်းတွင် ယခင်အမြင့်ဈေးနှုန်းသို့ စပြီးပြန်တက်နေကြောင်း၊ အလားတူ နှလုံးဆေးများလည်း ပစ္စည်းပြတ်လပ်မှုမရှိသော်လည်း ဝယ်ယူရခက်ခဲခြင်းနှင့် ဈေးနှုန်းနှစ်ဆခန့် မြင့်တက်လာကြောင်း စုံစမ်းသိရှိရသည်။
