သတိုး
၁၄. ၈. ၂၀၂၅
(Nikkei Asia က ဖော်ပြသော China pressures Myanmar rebels in bid to lock down rare-earth supplies ဆောင်းပါးကို ဆီလျော်သလို ကောက်နုတ်ပြန်ဆိုထားပါသည်)

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမှ မြေရှားသတ္တုရိုင်းများ ရရှိရေးအတွက် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းလျက်ရှိရာ အဓိကထုတ်လုပ်ရာဒေသရှိ လက်နက်ကိုင်အဖွဲ့တစ်ခုကို တိုက်ပွဲများရပ်တန့်ရန် ဖိအားပေးနေပြီး၊ အခြားဒေသတစ်ခုရှိ လက်နက်ကိုင်အဖွဲ့များကိုလည်း ထုတ်လုပ်မှုပိုင်းဆိုင်ရာ အကူအညီများ ပေးအပ်နေသည်။
ကချင်ပြည်နယ်မြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သည် မြန်မာနိုင်ငံ၏ မြေရှားသတ္တုထုတ်လုပ်သည့်နေရာ အများစုကို ထိန်းချုပ်ထားပြီး တပ်မတော်အစိုးရနှင့် ဆက်လက်တိုက်ခိုက်နေသည်။ တပ်မတော်အစိုးရနှင့်နီးစပ်သည့် သတင်းရင်းမြစ်တစ်ခုအရ တရုတ်နိုင်ငံသည် KIA အား စစ်ပွဲရပ်စဲရန် သဘောမတူပါက မြေရှားသတ္တုများ ဝယ်ယူခြင်းကို ရပ်ဆိုင်းမည်ဟု အဆုံးသတ်သတိပေးချက် ထုတ်ပြန်ခဲ့သည်။
◾ မြေရှားသတ္တုနှင့် တရုတ်၏ အခန်းကဏ္ဍ
မြေရှားဒြပ်စင်များသည် လျှပ်စစ်ကားများကဲ့သို့သော နည်းပညာမြင့်လုပ်ငန်းများအတွက် မရှိမဖြစ်လိုအပ်ပြီး၊ ကမ္ဘာ့ထုတ်လုပ်မှု၏ ၇၀ ရာခိုင်နှုန်းခန့်ကို တရုတ်နိုင်ငံက ထုတ်လုပ်သည်။ ထို့ကြောင့် ပေကျင်းသည် ဤသတ္တုများကို အမေရိကန်နှင့် အခွန်ကိစ္စဆွေးနွေးရာတွင် အဓိကအချက်အဖြစ် ရှုမြင်သည်။ ထရမ့်ပ်အစိုးရနှင့် ထိပ်တိုက်ရင်ဆိုင်မှုများအတွင်း တရုတ်သည် ရှားပါးသတ္တု တင်ပို့မှုများကို ကန့်သတ်ခဲ့သည်။
မြန်မာနိုင်ငံသည် တရုတ်၏ မြေရှားဈေးကွက်ကို ထိန်းချုပ်နိုင်ရန် အရေးပါသော ရင်းမြစ်တစ်ခုဖြစ်နေသည်။ အမေရိကန် ဘူမိဗေဒလေ့လာရေးအဖွဲ့ (U.S. Geological Survey) အရ ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံသည် ကမ္ဘာ့မြေရှားသတ္တုထုတ်လုပ်မှု၏ ၈ ရာခိုင်နှုန်းခန့်ကို ထုတ်လုပ်ခဲ့ပြီး တရုတ်နှင့် အမေရိကန်ပြီးနောက် တတိယနေရာတွင် ရပ်တည်ခဲ့သည်။
မြေရှားသတ္တုများကို သန့်စင်ပြုပြင်ခြင်းကို တရုတ်နိုင်ငံက တစ်ဦးတည်း ပိုင်ဆိုင်သလောက်ဖြစ်နေသောကြောင့် မြန်မာနိုင်ငံမှ ထွက်ရှိသည့် မြေရှားသတ္တုရိုင်းများကို တရုတ်သို့သာ တင်ပို့နေရသည်။ တရုတ်အတွက် မြေရှားသတ္တု ပိုမိုရရှိရန်နှင့် မြန်မာအတွက် သန့်စင်ပြုပြင်နိုင်မှု စွမ်းရည်မရှိခြင်းတို့ကြောင့် နှစ်နိုင်ငံလုံး အကျိုးအမြတ်ရရှိနေကြသည်။
ပုဂ္ဂလိက သုတေသနအဖွဲ့အစည်းဖြစ်သည့် ISP-Myanmar ၏အဆိုအရ ၂၀၂၁ ခုနှစ်တွင် တပ်မတော်က အာဏာမထိန်းသိမ်းမီလေးနှစ်အတွင်း မြန်မာ့မြေရှားသတ္တုတင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၆၆၅ သန်းရှိခဲ့သည်။ သို့သော် ၂၀၂၁ မှ ၂၀၂၄ ခုနှစ်အတွင်း ၎င်းတင်ပို့မှုသည် ၅ ဆကျော်အထိ မြင့်တက်ကာ ဒေါ်လာ ၃ ဒသမ ၆ ဘီလျံခန့်အထိ ရောက်ရှိခဲ့သည်။
◾ KIA ၏ ထိန်းချုပ်မှုကြောင့် တရုတ်၏ အစီအစဉ်များ ပြောင်းလဲလာ
မြန်မာနိုင်ငံ၏ အခြေအနေများမှာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှစ၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ခုခံရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာသောအခါ ပြောင်းလဲလာခဲ့သည်။
KIA သည် ချီဖွေနှင့် ပန်ဝါ ကဲ့သို့သော မြေရှားသတ္တုထုတ်လုပ်သည့်ဒေသများကို တပ်မတော်အစိုးရ၏ နယ်ခြားစောင့်တပ်များထံမှ သိမ်းပိုက်ခဲ့သည်။ ထိုအခါ တရုတ်သို့ မြေရှားသတ္တုတင်ပို့မှုများ ခေတ္တရပ်ဆိုင်းခဲ့ပြီး ပြန်လည်စတင်သည့်အခါတွင် KIA က ဈေးနှုန်းသတ်မှတ်ခြင်းအပါအဝင် စည်းကမ်းချက်အမျိုးမျိုးကို ချမှတ်ခဲ့သည်။ ISP-Myanmar ၏ အချက်အလက်များအရ ၂၀၂၀ ပြည့်နှစ်တွင် တရုတ်၏ မြေရှားသတ္တုတင်သွင်းမှုတွင် မြန်မာ၏ဝေစု ၈၇ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၂၄ ခုနှစ်တွင် ၆၃ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့သည်။
တရုတ်၏ စစ်ရပ်စဲရေး ဖိအားပေးမှုများရှိသော်လည်း KIA နှင့် ၎င်း၏မဟာမိတ်များက ပြီးခဲ့သည့်လက တပ်မတော်အစိုးရအပေါ် တိုက်ခိုက်မှုများကို ပိုမိုပြင်းထန်စေခဲ့သည်။ ဒေသတွင်းမီဒီယာများက KIA သည် တပ်မတော်က ဖြုတ်ချခံရသော လွှတ်တော်ကိုယ်စားလှယ်ဟောင်းများဖြင့် ဖွဲ့စည်းထားသည့် အစိုးရဆန့်ကျင်ရေးအဖွဲ့ဖြစ်သော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် ဆက်လက်ပူးပေါင်းလုပ်ဆောင်မည်ဟု အတည်ပြုခဲ့ကြောင်း ဖော်ပြခဲ့သည်။
◾ UWSA ကို တရုတ်အားကိုးမှု
ကချင်ပြည်နယ်မှ မြေရှားသတ္တုများ ရရှိရန် ပိုမိုခက်ခဲလာသောကြောင့် တရုတ်သည် မြန်မာ၏ နောက်ထပ်ထုတ်လုပ်ရာဒေသဖြစ်သော တရုတ်နယ်စပ်နှင့်ထိစပ်နေသည့် ရှမ်းပြည်နယ်ဘက်သို့ အာရုံပြောင်းလာသည်။
ရှမ်းပြည်နယ်တွင် တရုတ်၏ထောက်ခံမှုရထားပြီး ကြားနေအဖွဲ့ဖြစ်သည့် “ဝ” ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် (UWSA) က မြေရှားသတ္တုတူးဖော်မှုကို အရှိန်မြှင့်လုပ်ဆောင်နေကြောင်း သိရှိရသည်။ International Rivers ဟုခေါ်သည့် အစိုးရမဟုတ်သောအဖွဲ့အစည်းက ပြီးခဲ့သည့် မေလတွင် ဂြိုဟ်တုဓာတ်ပုံများကို အသုံးပြု၍ ရှမ်းပြည်နယ်တွင် သတ္တုတူးဖော်သည့်နေရာ အနည်းဆုံး ၂၀ ခန့်ရှိကြောင်း အတည်ပြုခဲ့သည်။
UWSA က တရုတ်နှင့်ဆက်ဆံရေးကောင်းမွန်ကြောင်း အလေးပေးပြောကြားထားသည်။ ထိုနေရာများတွင် အရှိန်မြှင့်တူးဖော်မှုများသည် ကချင်ပြည်နယ်တစ်ခုတည်းမှမဟုတ်ဘဲ ရှားပါးသတ္တုရင်းမြစ်ကို မူရင်းအမျိုးမျိုးမှ ရရှိရန် ကြိုးပမ်းနေသော တရုတ်၏ကျောထောက် နောက်ခံပြုမှုဖြင့် လုပ်ဆောင်နေသည်ဟု ယုံကြည်ရသည်။
◾ အမေရိကန်၏ ဖြစ်နိုင်ခြေရှိသော မူဝါဒအပြောင်းအလဲ
တရုတ်အနေဖြင့် နောက်ထပ်စိန်ခေါ်မှုတစ်ခုနှင့် ရင်ဆိုင်ရနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ရှားပါးသတ္တုများကို မဟာဗျူဟာမြောက်ပစ္စည်းများအဖြစ် ရှုမြင်သည့် ထရမ့်ပ်အစိုးရသည် မြန်မာအစိုးရနှင့် ပိုမိုနီးကပ်သောဆက်ဆံရေးကို တည်ဆောက်ရန် ကြိုးစားနိုင်ကြောင်း အချို့က ယုံကြည်ကြသည်။
တပ်မတော်က အာဏာထိန်းသိမ်းပြီးနောက်ပိုင်း အမေရိကန်သည် မြန်မာအစိုးရကို အသိအမှတ် ပြုခြင်းမရှိခဲ့ပေ။ သို့သော်လည်း ပြီးခဲ့သည့် ဇူလိုင်လတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အစိုးရအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အခွန်ကိစ္စနှင့်ပတ်သက်သည့် စာများ ဖလှယ်ခဲ့သည်။ ဤလုပ်ရပ်ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား နိုင်ငံ၏ခေါင်းဆောင်အဖြစ် သွယ်ဝိုက်အသိအမှတ်ပြုခြင်းအဖြစ် အဓိပ္ပာယ်ဖွင့်ဆိုနိုင်သည်။ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနကလည်း အစိုးရနှင့် ဆက်နွှယ်နေသည့် ကုမ္ပဏီသုံးခုနှင့် ပုဂ္ဂိုလ်လေးဦးအပေါ် ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများကို ရုပ်သိမ်းခဲ့ပြီး မူဝါဒအပြောင်းအလဲရှိနိုင်ကြောင်း အရိပ်အယောင်ပြသနေသည်။
မြန်မာအစိုးရကလည်း ထရမ့်ပ်အစိုးရကို စည်းရုံးလှုံ့ဆော်မှုများ စတင်ပြုလုပ်နေသည်။ ဝါရှင်တန်ရှိ လော်ဘီကုမ္ပဏီတစ်ခုက ထရမ့်သည် အရေးကြီးသတ္တုများ ရရှိရေးအတွက် ကမ္ဘာ့ကုန်သွယ်ရေးချိန်ခွင်လျှာကို ပြန်လည်သုံးသပ်နေကြောင်း Nikkei ကို ပြောကြားခဲ့သည်။
Ref, Nikkei Asia
