
၁၄.၈.၂၀၂၅
Written by Hey Mar
လမ်းသွယ်ကနေ ဖြတ်ထွက်လာတဲ့ ဆိုင်ကယ်ကို အရှိန်နဲ့မောင်းလာတဲ့ ကားကတိုက်မိလို့ ဆိုင်ကယ်စီးနင်းသူ နေရာတင်သေဆုံးတဲ့ဖြစ်စဉ် ဒီနေ့ ဩဂုတ် ၁၄ ရက် မနက် ၁၁ နာရီကျော် အချိန်က မန္တလေးတိုင်း မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံပရဟိတ စေတနာ့ဝန်ထမ်းထံကနေ သိရပါတယ်။

ဖြစ်စဉ်က သြဂုတ် ၁၄ ရက် မနက် ၁၁ နာရီ ၂၅ မိနစ် အချိန်ခန့်က မီတ္ထီလာမြို့၊ ပထမလမ်းမတော် အနောက်မှအရှေ့လားရာအတိုင်း မောင်းနှင်လာတဲ့ အိမ်စီးကားနဲ့ ဈေးဝယ်ပြီး နေအိမ်ဆီပြန်လာကာ လမ်းသွယ်ကနေ ထွက်ပြီး လမ်းမပေါ်ဖြတ်ကူးတဲ့ ဆိုင်ကယ်တို့ မီတ္ထီလာမြို့၊ နဝရတ်ဆီဆိုင်အနီး (သာသနာ့ဗိမ္မာန်အရှေ့ဘက်)မှာ တိုက်မိတာလို့ သိရပါတယ်။
မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ လူမှုကူညီရေးအသင်းတာဝန်ရှိသူက “ဆိုင်ကယ်မောင်းလာတာက အမျိုးသမီးပါ။ သူ့အိမ်အနီးမှာပဲ ဖြစ်သွားတာ။ ကားကလည်းအရှိန်ပါတယ်။ တိုက်တဲ့အချိန် လေအိတ်တွေပါ ပွင့်တယ် ” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။

သေဆုံးသူမှာ အသက် ၆၀ အရွယ် ဒေါ်ချိုချိုဝင်းလို့ သိရှိရပြီး ယာဉ်တိုက်ခံရတဲ့အရှိန်ကြောင့် ဦးခေါင်းနောက်စေ့ပွင့်၊ အရိုးကျိုးဒဏ်ရာတွေ ရရှိကာ နေရာတင်သေဆုံးခဲ့သလို ယာဉ် မဆင်မခြင်ဖြတ်ထွက်တဲ့အတွက်လည်း ယာဉ်စည်းကမ်း လမ်းစည်းကမ်း ဥပဒေအရ အမှုဖွင့်လှစ်ခံထားရပါတယ်။
