
၉.၈.၂၀၂၅
Written By Thandar
လက်ရှိ ကြော်ငြာရိုက်ကူးနေကြတဲ့ ရုပ်ရှင်လောကသားတွေကို ဥပဒေနဲ့ မညီတဲ့ လောင်းကစား ကြော်ငြာတွေ၊ တရားမဝင် စီးပွားရေးကြော်ငြာတွေကို ရိုက်ကူးပါက အရေးယူသွားမယ်လို့ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးက ပြန်ကြားရေးမှူး ကိုချမ်းသာကြည်စိုးက MT Entertainment ကို ပြောပါတယ်။
“ကျွန်တော်တို့ ထုတ်ပြန်ထားတဲ့ စာအတိုင်းပါပဲ။ တကယ်တော့လေ။ လောင်းကစားကြော်ငြာတွေက လူမှုကွန်ရက်တွေမှာ တွေ့နေရတယ်။ ဒါတွေက ကိုယ်သိသိရက်နဲ့ လုပ်နေရင်တော့ အရေးယူခံရမယ်။ မသိလို့ လုပ်ရင်လည်း အရေးယူခံရမယ်။ ဒါတွေမလုပ်ကြဖို့အတွက်ပဲ ပြောချင်တာပါ။ သတိပေးထားတာပါ ”လို့ ကိုချမ်းသာကြည်စိုးက MT Entertainment ကို ပြောပါတယ်။
အနုပညာရှင်တွေ၊ သရုပ်ဆောင်တွေအနေနဲ့ ဥပဒေနဲ့ မညီတဲ့ လောင်းကစားကြော်ငြာ၊ တရားမဝင် စီးပွားရေး ကြော်ငြာတွေကို တချိုရုပ်ရှင်လောကသားတွေက သိ၍သော်လည်းကောင်း၊ မသိ၍ သော်လည်းကောင်းရိုက်ကူးနေကြတာကို လူမှုကွန်ရက်တွေမှာ တွေ့ရှိနေရတယ်လို့ ဆိုပါတယ်။
ဒီလို ရိုက်ကူးနေခြင်းဟာ ဥပဒေနဲ့ ငြိစွန်းနေတဲ့အတွက် အရေးယူခံရနိုင်တဲ့အတွက် လုံးဝရိုက်ကူးခြင်း မပြုကြဖို့ အသိပေး၊ သတိပေး မေတ္တာရပ်ခံထားတာဖြစ်ပါတယ်။
