၉.၈.၂၀၂၅
Translated by Htwe Ko Tun
ရုရှားသမ္မတ ဗလာဒီမာပူတင်က အမေရိကန်သမ္မတရဲ့ အထူးသံတမန် စတိဗ်ဝစ်ခ်အော့ဖ်နဲ့ မော်စကိုမြို့မှာတွေ့ဆုံခဲ့စဉ် အစည်းအဝေးမှာ ယူကရိန်းစစ်ပွဲပြီးဆုံးပြီး ရန်လိုတိုက်ခိုက်မှုတွေ အဆုံးသတ်ရေးအတွက် ယူကရိန်းနိုင်ငံအရှေ့ပိုင်းဒေသတွေနဲ့ အလဲအလှယ်ပြုသွားမယ်လို့ ကမ်းလှမ်းခဲ့တယ်ဆိုတာ WSJ သတင်းမီဒီယာက ဥရောပနဲ့ယူကရိန်းအရာရှိတွေရဲ့ပြောကြားချက်တွေကို ကိုးကားပြီးဩဂုတ်လ ၈ ရက်မှာ ဖော်ပြခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပူတင်နဲ့ဝစ်ခ်အော့ဖ်တို့အကြား ဆွေးနွေးမှုတွေက ငြိမ်းချမ်းရေး ညှိနှိုင်းဆွေးနွေးပွဲမှာ ပြဿနာကိုဖြေရှင်းနိုင်မယ့် အချက်အလက်အနေနဲ့ ပါဝင်လာ့မှာမဟုတ်ဘူးလို့ ပြောခဲ့ပေမယ့် ထရမ့်ပ်က သူနဲ့ ပူတင်တို့ ဩဂုတ်လ ၁၅ ရက်ကြရင် ရုရှားအစိုးရနဲ့ အလက်စကာပြည်နယ်မှာတွေ့ဆုံကြမယ်ဆိုတာ ဩဂုတ်လ ၈ ရက်မှာ ကြေညာခဲ့ပါတယ်။
ဥရောပအရာရှိတွေရဲ့ ပြောကြားချက်တွေအရဆိုရင် ယူကရိန်းအစိုးရအနေနဲ့ ဒွန်တက်စ်ခ်ဒေသမှ တပ်ဖွဲ့တွေဆုတ်ခွာပေးပြီး ဒွန်တက်စ်ခ်ဒေသ၊ လူဟန့်စ်ခ်ဒေသနဲ့ ခရိုင်းမီးယားတို့ကို ရုရှားအစိုးရရဲ့ ထိန်းချုပ်မှုအောက်အပြည့်အဝပေးခဲ့ရင် စစ်ပွဲကိုလုံးဝရပ်ဆိုင်းပေးမယ်လို့ ပူတင်က ပြောခဲ့တယ်လို့ဆိုပါတယ်။
အဆိုပြုချက်အပေါ် ဥရောပအရာရှိတွေက အကျဉ်းချုံးဖော်ပြပြီးတဲ့နောက် ရုရှားသမ္မတပူတင်ဟာ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်ပ် အဆိုပြုထားတဲ့ ရုရှားအပေါ် ဒုတိယမြောက် ဒဏ်ခတ်ပိတ်ဆို့မှုတွေကိုရှောင်လွှဲဖို့ စေ့စပ်ညှိနှိုင်းမှုတွေကိုနည်းလမ်းတစ်ရပ်အနေနဲ့ အသုံးချနေတဲ့ အလားအလာတွေအပေါ် စိုးရိမ်ပူပန်မိတယ်လို့ ပြောခဲ့ကြပါတယ်။
ရုရှားနဲ့ယူကရိန်းတို့ဟာ စစ်ပွဲအဆုံးသတ်ရေးအတွက် ညှိနှိုင်းဆွေးနွေးမှုတွေကို သုံးကြိမ်ပြုလုပ်ခဲ့ပြီးဖြစ်ကြပါတယ်။ ဒါပေမယ့် ဆွေးနွေးပွဲတိုင်းမှာ အပစ်အခတ်ရပ်စဲရေးအတွက်တော့ သဘောတူညီချက်မရရှိခဲ့ကြပါဘူး။ ယူကရိန်းသမ္မတ ဇယ်လန်စကီးက အခုသီတင်းပတ်အစောပိုင်းမှာ ခေါင်းဆောင်အဆင့်ဆွေးနွေးပွဲတွေမှာ ပါဝင်ဖို့ ဆန္ဒရှိတယ်လို့ ဆိုခဲ့ပေမယ့် အလက်စကာမှာ ပြုလုပ်မယ့် အစည်းအဝေးမှာ သူပါမယ်လို့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။
ယူကရိန်းသမ္မတရုံးကတော့ ရုရှားသမ္မတပူတင်ရဲ့ အဆိုပြုချက်အပေါ် လူသိရှင်ကြား မှတ်ချက်မပေးသေးပါဘူး။ ယူကရိန်းအရာရှိတစ်ဦးကတော့ ယူကရိန်းအစိုးရဟာ ဘယ်အဆိုပြုချက်တွေကိုမှ ဆန့်ကျင်မှာ မဟုတ်ပေမယ့်၊ အပစ်အခတ်ရပ်စဲရေးဟာ နောက်ထပ်ဆောင်ရွက်ရမယ့်အဆင့်တွေအတွက် ကြိုတင်လိုအပ်ချက်တစ်ခုအနေနဲ့ ဆောင်ရွက်မှာဖြစ်တယ်လို့ အလေးပေးပြောခဲ့ပါတယ်။
ယူကရိန်းစစ်ပွဲကိုအဆုံးသတ်ဖို့ ရုရှားက ယူကရိန်းအနေနဲ့ နေတိုးအဖွဲ့ဝင်ဖြစ်လိုမှုကို စွန့်လွှတ်ဖို့နဲ့ ငြိမ်းချမ်းရေးအတွက် ကြိုတင်သတ်မှတ်ချက်အနေနဲ့ ဒေသလေးခုက တပ်ဖွဲ့တွေကို ရုပ်သိမ်းပေးဖို့ လူသိရှင်ကြား အကြိမ်ကြိမ် တောင်းဆိုခဲ့ပါတယ်။ ဒီတောင်းဆိုချက်အရ လက်ရှိ ယူကရိန်းထိန်းချုပ်မှုအောက်ရှိ မြို့ကြီးအများအပြားကို ရုရှားနိုင်ငံကို လွှဲပြောင်းပေးရမှာဖြစ်ပါတယ်။
Ref. WSJ

