◾️ စစ်ခုံရုံးဖြင့်စစ်ဆေးမည့် ပြစ်မှု ၂၃ ခုအထိရှိပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက တည်ဆဲဥပဒေများနှင့်အညီ သေဒဏ်၊ နှစ်အကန့်အသတ်မရှိအလုပ်နှင့်ထောင်ဒဏ်နှင့် သက်ဆိုင်ရာပြစ်မှုအလိုက် သတ်မှတ်ထားသော အမြင့်ဆုံးပြစ်ဒဏ် တစ်မျိုးမျိုးကို ချမှတ်မည်

၃၁. ၇. ၂၀၂၅
Written by Nyein Kyaw
အရေးပေါ်အခြေအနေကြေညာထားသည် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ရခိုင်၊ ရှမ်းပြည်နယ်များနှင့် စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်းတို့ရှိ မြို့နယ်ပေါင်း ၆၃ ခုအတွင်း အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေးအာဏာကိုကျင့်သုံးရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၊ စစ်အုပ်ချုပ်ရေးအမိန့်အမှတ် (၂/၂၀၂၅) ဖြင့် ယနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ၂ဝ၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်စွဲပါ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်အမှတ် (၁/၂၀၂၅)၊ စစ်အုပ်ချုပ်ရေးအမိန့်အမှတ် (၁/ ၂၀၂၅)နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ စစ်အုပ်ချုပ်ရေးအမိန့်အမှတ် (၁/၂ဝ၂၅) တို့တွင် ဖော်ပြပါရှိသည့် မြို့နယ်များနှင့် သက်ဆိုင်သည့် တိုင်းစစ်ဌာနချုပ်တိုင်းမှူးများအား စစ်အုပ်ချုပ်ရေးဒေသအဖြစ် ကြေညာထားသော မြို့နယ်များအတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေးကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အလို့ငှာ အုပ်ချုပ်ရေးနှင့်တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေးအာဏာကို ကျင့်သုံးရန် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၃၊ ပုဒ်မခွဲ(ခ) အရ အပ်နှင်းခဲ့သည်။

စစ်အုပ်ချုပ်ရေးဒေသအတွင်းရှိ ဒေသအာဏာပိုင်အဖွဲ့အစည်းအဆင့်ဆင့်တို့သည် ယင်းတို့နှင့် သက်ဆိုင်သည့် လုပ်ငန်းတာဝန်များကို သက်ဆိုင်ရာ တိုင်းမှူးတို့၏ ကွပ်ကဲမှုအရ ဆောင်ရွက်ရမည်ဖြစ်ပြီး သက်ဆိုင်ရာတိုင်းမှူးတို့သည် စစ်အုပ်ချုပ်ရေးဒေသအတွင်း စစ်နယ်မြေများ သတ်မှတ်၍ စစ်နယ်မြေမှူးများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သဘောတူညီချက်ဖြင့် စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ပြီး ခန့်ထားနိုင်သည်။
သက်ဆိုင်ရာတိုင်းမှူးတို့သည် စစ်အုပ်ချုပ်ရေးဒေသအတွင်း မိမိကိုယ်တိုင်သော်လည်းကောင်း၊ စစ်နယ်မြေမှူးများဖြင့်သော်လည်းကောင်း၊ မိမိတာဝန်လွှဲအပ်သောပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် အဖွဲ့ဖြင့်သော်လည်းကောင်း အုပ်ချုပ်ရေးတွင် လုံခြုံရေးကိစ္စရပ်များ၊ လူမှုရေးကိစ္စရပ်များ၊ ကုန်သွယ်ရေးကိစ္စရပ်များ၊ သယ်ယူပို့ဆောင်ရေးကိစ္စရပ်များ၊ တရားစီရင်ရေးတို့ကို ပြီးပြတ်အောင် ဆောင်ရွက်ရမည်ဖြစ်သည်။

ထို့ပြင် တရားစီရင်ရေးကဏ္ဍတွင် တရားရုံးများဖွဲ့စည်းခြင်းအတွက် သက်ဆိုင်ရာတိုင်းမှူးတို့သည် စစ်အုပ်ချုပ်ရေးကာလအတွင်း ပြစ်မှုဆိုင်ရာမှုခင်းများကို တည်ဆဲဥပဒေအရ ဖွဲ့စည်းထားသော တရားရုံးများဖြင့်ဖြစ်စေ၊ စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ပြီး ဖွဲ့စည်းသည့် စစ်ခုံရုံးများဖြင့်ဖြစ်စေ စစ်ဆေးစီရင်နိုင်သည်။
စစ်ခုံရုံးဖြင့်စစ်ဆေးခြင်းတွင် စစ်ခုံရုံးများသည် ပြစ်မှုဆိုင်ရာမှုခင်းများကို အကျဉ်းနည်းဖြင့် စစ်ဆေးစီရင်နိုင်သည်။ ပြစ်ဒဏ်ချမှတ်ခြင်းတွင် နောက်ဆက်တွဲဇယား(က)ပါ ပြစ်မှုတစ်ခုခုကို ကျူးလွန်သူတစ်ဦးအား စစ်ခုံရုံးကပြစ်မှုထင်ရှားစီရင်ပါက တည်ဆဲဥပဒေများနှင့်အညီ သေဒဏ်၊ နှစ်အကန့်အသတ်မရှိ အလုပ်နှင့်ထောင်ဒဏ်နှင့် သက်ဆိုင်ရာပြစ်မှုအလိုက် သတ်မှတ်ထားသော အမြင့်ဆုံးပြစ်ဒဏ် တစ်မျိုးမျိုးကို ချမှတ်ရမည်ဟု ဖော်ပြထားသည်။

ပြစ်ဒဏ်များကို အတည်ပြုခြင်းတွင် စစ်ခုံရုံးများက ချမှတ်သော ဆုံးဖြတ်ချက်များနှင့် စီရင်ချက်များသည် အပြီးအပြတ်ဖြစ်စေရမည်ဖြစ်သော်လည်း သေဒဏ်စီရင်ပါက ထိုသို့ စီရင်ခြင်းသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အတည်ပြုချက်ရရှိမှသာ အတည်ဖြစ်ပြီး နှစ်အကန့်အသတ်မရှိ ထောင်ဒဏ်စီရင်ပါက ထိုသို့ စီရင်ခြင်းသည် သက်ဆိုင်ရာတိုင်းမှူးတို့၏ အတည်ပြုချက်ရရှိမှသာ အတည်ဖြစ်သည်။
ပြစ်ဒဏ်အတည်ပြုခြင်းနှင့်ပတ်သက်သည့် လုပ်ပိုင်ခွင့်ကို ကျင့်သုံးဆောင်ရွက်ရာတွင် ပြစ်မှုထင်ရှားစီရင်ခြင်းကို ပယ်ဖျက်ခြင်း၊ ပြစ်ဒဏ်ကို လျော့ပေါ့စေခြင်း၊ ပြစ်ဒဏ်ကိုပို၍နိမ့်သော ပြစ်ဒဏ်အမျိုးအစားသို့ လျော့ပေါ့ ပြောင်းလဲခြင်း၊ ပြစ်မှုထင်ရှားစီရင်ခြင်းကိုအတည်ပြုခြင်းများ လုပ်ပိုင်ခွင့်ရှိသည်။

အယူခံခြင်းတွင် စစ်ခုံရုံးများက ချမှတ်သောဆုံးဖြတ်ချက်၊ ပြစ်ဒဏ်ချမှတ်ချက်များနှင့်စပ်လျဉ်း၍ အယူခံပိုင်ခွင့်မရှိစေရဟု ဖော်ပြထားသည်။
ပြင်ဆင်မှုလျှောက်ထားခြင်းတွင် စစ်ခုံရုံးများက သေဒဏ်စီရင်ပါက ပြစ်ဒဏ်ချမှတ်ခြင်းခံရသည့်နေ့မှ (၁၅)ရက်အတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ထံသို့လည်းကောင်း၊ အခြားပြစ်ဒဏ်ချမှတ်ခြင်းခံရပါက ပြစ်ဒဏ်ချမှတ်ခြင်းခံရသည့်နေ့မှ(၁၅)ရက်အတွင်း သက်ဆိုင်ရာတိုင်းမှူးထံသို့လည်းကောင်း ပြင်ဆင်မှုလျှောက်ထားနိုင်သည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် သို့မဟုတ် သက်ဆိုင်ရာတိုင်းမှူးများသည် မိမိသဘောအလျောက်လည်း ပြင်ဆင်မှုဖွင့်၍ ဆောင်ရွက်နိုင်သည်။
ပြင်ဆင်မှုစီရင်ပိုင်ခွင့်ကို ကျင့်သုံးဆောင်ရွက်ရာတွင် ပြစ်မှုထင်ရှားစီရင်ခြင်းကို ပယ်ဖျက်ခြင်း၊ ပြစ်ဒဏ်ကို လျော့ပေါ့စေခြင်း၊ ပြစ်ဒဏ်ကို ပို၍နိမ့်သောပြစ်ဒဏ်အမျိုးအစားသို့ လျော့ပေါ့ပြောင်းလဲခြင်း၊ ပြစ်မှုထင်ရှားစီရင်ခြင်းကို အတည်ပြုခြင်းတို့ကို လုပ်ပိုင်ခွင့်များရှိသည်ဟု ဖော်ပြထားသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် သို့မဟုတ် သက်ဆိုင်ရာတိုင်းမှူးများက မိမိသဘောအလျောက် ပြင်ဆင်မှုဖွင့်၍ ဆောင်ရွက်သည့်ကိစ္စတွင် အထက်အပိုဒ်ငယ် (၆) တွင်ပါရှိသော လုပ်ပိုင်ခွင့်များအပြင် ပြစ်ဒဏ်ကို တိုးမြှင့်နိုင်သည်။
သက်ဆိုင်ရာတိုင်းမှူးတို့သည် မိမိ၏တာဝန်ဝတ္တရားများကို ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန် စစ်အုပ်ချုပ်ရေးအကြံပေးအဖွဲ့ကို ဖွဲ့စည်းနိုင်သည်။ သက်ဆိုင်ရာတိုင်းမှူးတို့သည် စစ်အုပ်ချုပ်ရေးဒေသအတွင်းဖြစ်ပေါ်နေသော အခြေအနေအရပ်ရပ်ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံသို့ အစီရင်ခံရမည်ဟု ဖော်ပြထားသည်။
စစ်ခုံရုံးဖြင့် စစ်ဆေးမည့်ပြစ်မှုများမှာ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု (ရာဇသတ်ကြီးပုဒ်မ ၁၂၂)၊ အစိုးရကို အကြည်ညိုပျက်အောင်ပြုလုပ်မှု(ရာဇသတ်ကြီးပုဒ်မ ၁၂၄-က)၊ တပ်မတော် သို့မဟုတ် တရားဥပဒေစိုးမိုးရေးအဖွဲ့၏ ဆောင်ရွက်မှုကို နှောင့်နှေးစေခြင်း သို့မဟုတ် ပျက်ပြားစေခြင်း(ရာဇသတ်ကြီးပုဒ်မ ၁၂၄-ဂ)၊ တပ်မတော်သားများ သို့မဟုတ် အစိုးရအမှုထမ်းများကို ဟန့်တားခြင်း သို့မဟုတ် နှောင့်ယှက် ခြင်း(ရာဇသတ်ကြီးပုဒ်မ ၁၂၄-ဃ)၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅၊ အစိုးရဝန်ထမ်းတစ်ဦးအား ပြစ်မှုကျူးလွန်စေရန်တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ထိတ်လန့်စေခြင်း၊ သွေးထိုးလှုံ့ဆော်ခြင်း၊ မမှန်သတင်းများဖြန့်ခြင်း (ရာဇသတ်ကြီးပုဒ်မ ၅၀၅-က)၊ မတရားအသင်းအက်ဥပဒေအရပြစ်မှုများ၊ လက်နက်အက်ဥပဒေအရပြစ်မှုများ၊ လူသတ်မှု၊ လူသေမှု၊ မုဒိမ်းမှု၊ လုယက်မှု၊ ဓားပြမှု၊ အဂတိလိုက်စားမှု၊ ၁၉၉၃ ခုနှစ်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ အရ ပြစ်မှုများ၊ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေအရ ပြစ်မှုများ၊ ၁၉၆၃ ခုနှစ်၊ အများနှင့်သက်ဆိုင်သော ပစ္စည်းများကာကွယ်စောင့်ရှောက်ရေး ဥပဒေအရ ပြစ်မှုများ၊ သတင်းမီဒီယာဥပဒေအရ ပြစ်မှုများ၊ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေအရ ပြစ်မှုများ၊ ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေး (လတ်တလောပြဋ္ဌာန်းချက်များ) အက်ဥပဒေအရ ပြစ်မှုများ၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေအရပြစ်မှုများ၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေး ဥပဒေအရပြစ်မှုများ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရပြစ်မှုများ စသည့်ပြစ်မှု ၂၃ ခုတို့ဖြစ်သည်။
