သတိုး
၉. ၅. ၂၀၂၆
၂၀၂၆ ဖီဖာကမ္ဘာ့ဖလား (FIFA World Cup 2026) အိမ်ရှင်နိုင်ငံများ၌ ကျင်းပမည့် အဖွင့်ပွဲစဉ်များနှင့် အခမ်းအနားများတွင် ပါဝင်ဖျော်ဖြေကြမည့် နိုင်ငံတကာအနုပညာရှင်များစာရင်းကို ဖီဖာ (FIFA) က တရားဝင်ထုတ်ပြန်လိုက်ပြီဖြစ်သည်။
ဤပြိုင်ပွဲသည် အမေရိကန်၊ မက္ကဆီကိုနှင့် ကနေဒါနိုင်ငံတို့တွင် ဇွန်လ ၁၁ ရက်မှ ဇူလိုင်လ ၁၉ ရက်အထိ ကျင်းပမည့် သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံးသော ကမ္ဘာ့ဖလားပြိုင်ပွဲ ဖြစ်လာမည်ဖြစ်သည်။
◾️ အဖွင့်အခမ်းအနားနှင့် ထင်ရှားကျော်ကြားသည့် အနုပညာရှင်များ

အမေရိကန်ပြည်ထောင်စုတွင် ကျင်းပမည့် အဖွင့်အခမ်းအနားတွင် ကမ္ဘာကျော်အဆိုတော် Katy Perry က အဓိကဦးဆောင်ဖျော်ဖြေမည်ဖြစ်ကြောင်း Billboard သတင်းက ဖော်ပြသည်။ Katy Perry သည် ဇွန်လ ၁၂ ရက်နေ့တွင် ကာလီဖိုးနီးယားပြည်နယ်၊ SoFi Stadium ၌ အမေရိကန်နှင့် ပါရာဂွေးအသင်းတို့ မယှဉ်ပြိုင်မီ ဖျော်ဖြေတင်ဆက်မည်ဖြစ်သည်။
ထို့အပြင် ထိုင်းစူပါစတား Lisa (Lalisa Manobal) သည်လည်း ဤစင်မြင့်ထက်တွင် ဖျော်ဖြေရမည်ဖြစ်ရာ ကမ္ဘာ့ဖလားအဖွင့်အခမ်းအနား၌ ဖျော်ဖြေခွင့်ရသည့် ပထမဆုံးသော ထိုင်းအနုပညာရှင်အဖြစ် မှတ်တမ်းဝင်လာမည်ဖြစ်သည်။ ၎င်းတို့နှင့်အတူ Future၊ Tyla၊ Anitta၊ Rema နှင့် DJ Sanjoy တို့ကလည်း အမေရိကန်ပွဲစဉ်များတွင် ပါဝင်အားဖြည့်ကြမည်ဖြစ်သည်။
မက္ကဆီကိုနှင့် ကနေဒါနိုင်ငံတို့တွင် ကျင်းပမည့် သီးခြားအဖွင့်အခမ်းအနားများတွင်လည်း Michael Bublé၊ Alanis Morissette၊ J Balvin နှင့် Alejandro Fernandez အစရှိသည့် အနုပညာရှင်များစွာ ပါဝင်ဖျော်ဖြေရန် စီစဉ်ထားသည်။
◾️ Shakira ၏ တစ်ကျော့ပြန် ကမ္ဘာ့ဖလားသီချင်းသစ်
ကမ္ဘာ့ဖလားနှင့် ခွဲခြား၍မရသော ကိုလံဘီယာအဆိုတော် Shakira သည်လည်း ယခုနှစ်တွင် ‘Waka Waka’ ကဲ့သို့ပင် အောင်မြင်ဦးမည့် ‘Dai Dai’ အမည်ရ တရားဝင်သီချင်းသစ်ဖြင့် ပြန်လည် ဖျော်ဖြေပေးမည်ဖြစ်သည်။ နိုင်ဂျီးရီးယားအဆိုတော် Burna Boy နှင့် ပူးပေါင်းသီဆိုထားသည့် ‘Dai Dai’ သီချင်းကို မေလ ၁၄ ရက်နေ့တွင် အပြည့်အစုံဖြန့်ချိမည်ဖြစ်သည်။

Shakira သည် ဘရာဇီးနိုင်ငံရှိ သမိုင်းဝင် Maracanã အားကစားကွင်းတွင် ရိုက်ကူးထားသည့် အမြည်းဗီဒီယိုကို လူမှုကွန်ရက်၌ မျှဝေခဲ့ရာ ကြည့်ရှုသူသန်းပေါင်းများစွာဖြင့် စိတ်လှုပ်ရှားမှုများ မြင့်တက်လျက်ရှိသည်။ ယခင်က ၂၀၀၆၊ ၂၀၁၀ နှင့် ၂၀၁၄ ကမ္ဘာ့ဖလားများတွင် ပါဝင်ပတ်သက်ခဲ့သည့် Shakira အတွက် ယခုတစ်ကြိမ်သည် ဘောလုံးစင်မြင့်ထက်သို့ တစ်ကျော့ပြန်ရောက်ရှိလာခြင်းလည်း ဖြစ်သည်။
◾️ ထူးခြားသည့် အစီအစဉ်များနှင့် ပြိုင်ပွဲအချက်အလက်များ
ယခုနှစ် ကမ္ဘာ့ဖလားတွင် ဖီဖာသည် သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် Super Bowl-style ပွဲဝက်အနားယူချိန် ဖျော်ဖြေပွဲ (Halftime Show) ကို ထည့်သွင်းသွားမည်ဖြစ်ပြီး Coldplay အဖွဲ့မှ Chris Martin က ဂီတပိုင်းဆိုင်ရာကို ကြီးကြပ်မည်ဖြစ်သည်။
၂၀၂၆ ကမ္ဘာ့ဖလား၏ အဖွင့်ပွဲစဉ်ကို မက္ကဆီကိုစီးတီးရှိ Estadio Azteca ကွင်းတွင် ကျင်းပမည်ဖြစ်ပြီး၊ ဗိုလ်လုပွဲကို နယူးဂျာစီရှိ MetLife Stadium တွင် ကျင်းပသွားမည်ဖြစ်သည်။ စုစုပေါင်း ပွဲစဉ် ၁၀၄ ပွဲကို အိမ်ရှင်သုံးနိုင်ငံတွင် ခွဲဝေကျင်းပသွားမည် ဖြစ်သည်။
Ref : News 18 ,The Nation & Khaosod
