MT News
၉. ၅. ၂၀၂၆
တရုတ်နှင့် ထိုင်းနိုင်ငံတို့သည် “Strike-2026” ပူးတွဲစစ်ရေးလေ့ကျင့်မှုကို မေလလယ်နှင့် လကုန်ပိုင်းတို့တွင် ထိုင်းနိုင်ငံ၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက စနေနေ့တွင် ပြောကြားခဲ့သည်။
တရုတ်အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျန်းပင်း (Jiang Bin) က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါ လေ့ကျင့်မှုကို “တောင်တန်းနှင့် တောတောင်ထူထပ်သော ဒေသများအတွင်း အကြမ်းဖက်မှုတိုက်ဖျက်ရေး ပူးတွဲစစ်ဆင်ရေးများ” ဆိုသည့် ခေါင်းစဉ်ဖြင့် ပြုလုပ်မည်ဖြစ်သည်။ တရုတ်နှင့် ထိုင်းစစ်တပ်များသည် အဖွဲ့များ ရောနှောဖွဲ့စည်းကာ တိုက်ပွဲဝင်စဉ် ထိခိုက်ဒဏ်ရာရသူများကို ပြုစုစောင့်ရှောက်ခြင်း၊ လူမဲ့စက်ကိရိယာများ (Unmanned equipment) အသုံးပြုခြင်းနှင့် ကျည်ဆန်အစစ်ဖြင့် ပစ်ခတ်ခြင်း စသည့်များကို လေ့ကျင့်သွားမည်ဖြစ်ကြောင်း ကျန်းပင်းက ဆိုသည်။
“Strike 2026” သည် ထိုင်းနှင့် တရုတ် နှစ်နိုင်ငံစစ်တပ်များအကြား (၈) ကြိမ်မြောက် ပြုလုပ်သည့် လေ့ကျင့်မှုဖြစ်ပြီး နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်နက်ရှိုင်းစေရန်နှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ပူးတွဲစစ်ဆင်ရေးများတွင် တပ်ဖွဲ့ဝင်များ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ဆက်လက်ပြောကြားခဲ့သည်။
Ref: Xinhua
