





နေမိုး
၉. ၅. ၂၀၂၆
PDF များ ပစ်ခတ်လိုက်သည့်လက်နက်ကြီးက လက်ဖက်ရည်ဆိုင်ပေါ်ကျရာမှ နှစ်ဦးပွဲချင်းပြီးသေဆုံးကာ ကလေးငယ်တစ်ဦးအပါအဝင် သုံးဦးဒဏ်ရာရမှု ငါန်းဇွန်မြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ယခု သတင်းထုတ်ပြန်သည်။
NUG ဩဇာခံ PDF များ၏ ကျူးလွန်မှုဖြစ်စဉ်မှာ ၂၀၂၆ ခုနှစ်၊ မေ ၇ ရက် မွန်းလွဲ ၁၂ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ တောင်လယ်တောကျေးရွာနေ ကိုပြည့်ဖြိုးလှိုင်(၂၉)နှစ်သည် တစ်ရွာတည်းနေသူများဖြစ်ကြသည့် ဦးပြေသောင်း(၇၁)နှစ်၊ ဦးပေါ်ဦး(၄၅)နှစ်၊ ဦးလင်းစန်း(၃၈)နှစ်နှင့် မောင်ဟိန်းဝဏ္ဏအောင်(၁)နှစ်ခွဲတို့နှင့်အတူ အဆိုပါကျေးရွာရှိ ၎င်းပိုင် “မိုးသူဇာ” လက်ဖက်ရည်ဆိုင်၌ရှိနေစဉ် ဆိုင်ပေါ်သို့ PDF များက အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ ပစ်ခတ်လိုက်သည့် လက်နက်ကြီးဗုံးသီး တစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ဦးပြေသောင်းနှင့် ဦးလင်းစန်းတို့တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ကိုပြည့်ဖြိုးလှိုင်၊ ဦးပေါ်ဦးနှင့် မောင်ဟိန်းဝဏ္ဏအောင်တို့ သုံးဦးတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး တံတားဦးခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
ထိုနေ့ ညနေ ၆ နာရီ ၄၅ မိနစ်အချိန်ကလည်း ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်ပြည်သူ့ ဆေးရုံ၌ ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသား နှစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ ယင်းနေ့ နံနက် ၁၁ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ဘွားအေစုကျေးရွာရှိ ကူးတို့ဆိပ်သို့ PDF များက အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ ပစ်ချလိုက်သည့် Drop Bomb တစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါနေရာအနီးရောက်ရှိနေကြသည့် ဘွားအေစုကျေးရွာနေ ဦးကျော်ထွန်း(၄၅)နှစ်နှင့် ဖြူးမြို့နယ်၊ သစ်ချောက်ခင်ကျေးရွာနေ မောင်အာဇာနည်(၁၂)နှစ်တို့တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
