◾️ လက်နက်ကိုင်ပဋိပက္ခများကြောင့် ရွေးကောက်ပွဲ မကျင်းပပါက ဒီမိုကရေစီသည် နိုင်ငံတော်တွင် ဆိတ်သုဉ်းနေမည်ဟုပါ ပြောကြား

၃၁. ၇. ၂၀၂၅
Written by Nyein Kyaw
နိုင်ငံတော်အစိုးရကို ဆန့်ကျင်နေသည့် လက်နက်ကိုင်အဖွဲ့အစည်းအားလုံး ယခုကျင်းပမည့် ရွေးကောက်ပွဲကို အောင်မြင်အောင် ပူးပေါင်းဆောင်ရွက်မှသာ ပေါ်ပေါက်လာမည့် လွှတ်တော်များတွင် မိမိတို့၏လိုလားချက်များကို ဥပဒေနှင့်အညီ တရားဝင် တင်ပြဆောင်ရွက်ခွင့်ရမည်ဖြစ်ကြောင်း ယာယီသမ္မတ(တာဝန်) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ပြုလုပ်သည့် ပြည်ထောင်စုသမ္မတနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး (၃/၂၀၂၅)တွင် တရားဝင်အသိပေးပြောကြားသည်။
လက်ရှိနိုင်ငံတော်တွင် ဖြစ်ပေါ်နေသည့် လက်နက်ကိုင်ပဋိပက္ခများသည် မူလကပင်ရှိခဲ့ပြီး နိုင်ငံတော်ကို အရေးပေါ်အခြေအနေကြေညာစဉ်က ပါရှိခဲ့သည့် ကိစ္စရပ်တစ်ခုမဟုတ်ကြောင်း ယာယီသမ္မတ(တာဝန်က)က ပြောကြားသည်။
လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးဟူသည်မှာ အချိန်ယူပြီး စေ့စပ်ဆွေးနွေးညှိနှိုင်းနိုင်မှသာ စစ်မှန်သည့်ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်ကို ဒီမိုကရေစီစနစ်ဖြင့် ပြန်လည်လျှောက်လှမ်းရန်ဆိုပါက ရွေးကောက်ပွဲကို မဖြစ်မနေကျင်းပပေးရန် လိုအပ်ကြောင်း ယာယီသမ္မတ(တာဝန်က)က ပြောကြားသည်။
ယနေ့ နိုင်ငံတော်အစိုးရကို ဆန့်ကျင်နေသည့် လက်နက်ကိုင်အဖွဲ့အစည်း အားလုံးအနေဖြင့်လည်း ယခုကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲကို အောင်မြင်အောင် ပူးပေါင်းဆောင်ရွက်မှသာ ပေါ်ပေါက်လာမည့် လွှတ်တော်များတွင် မိမိတို့၏လိုလားချက်များကို ဥပဒေနှင့်အညီ တရားဝင် တင်ပြဆောင်ရွက်ခွင့်ရမည်ကိုလည်း တရားဝင် အသိပေးပြောကြားလိုကြောင်း ယာယီသမ္မတ(တာဝန်က)က ပြောကြားသည်။
လက်နက်ကိုင်ပဋိပက္ခများကြောင့် နိုင်ငံတော်တွင် ရွေးကောက်ပွဲမကျင်းပပါက ပြည်သူလူထုလိုလားတောင့်တသည့် ဒီမိုကရေစီသည် နိုင်ငံတော်တွင် ဆိတ်သုဉ်းနေမည်ဖြစ်ကြောင်း၊ မိမိတို့ အစိုးရအနေဖြင့် ယင်းလက်နက်ကိုင်ပဋိပက္ခများကြားကပင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို အောင်အောင်မြင်မြင် ကောက်ယူနိုင်ခဲ့သည်ကို သာဓကယူပြီး ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် အခုကျင်းပမည့် ရွေးကောက်ပွဲကို အပိုင်းလိုက်ခွဲပြီး ဆောင်ရွက်ပါက အောင်မြင်မည်ဖြစ်သည်ကို ယုံကြည်ပါကြောင်း ယာယီသမ္မတ(တာဝန်က)က ပြောကြားသည်။
ထိုသို့ရွေးကောက်ပွဲကျင်းပပြီး ဥပဒေနှင့်အညီ လွှတ်တော် အသီးသီးပေါ်ပေါက်လာပါက နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများနှင့် ရေရှည်တည် တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ရှေးရှုဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေး အားလုံး ဝိုင်းဝန်း ပူးပေါင်း ကြိုးပမ်းဆောင်ရွက်ပေးကြရန် တင်ပြအပ်ကြောင်း ယာယီသမ္မတ(တာဝန်)က ပြောကြားသည်။
