
၃၁. ၇. ၂၀၂၅
Translated by Thettant
အမေရိကန်ရေတပ်မှ F-35 တိုက်လေယာဉ်တစ်စင်းသည် ကယ်လီဖိုးနီးယားပြည်နယ်တွင် လေကြောင်းဆိုင်ရာ မတော်တဆမှု ဖြစ်ပွားပြီးနောက် ပျက်ကျခဲ့ကြောင်း အာဏာပိုင်များနှင့် တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ယင်းဖြစ်ရပ်သည် ဗုဒ္ဓဟူးနေ့၊ ညနေ ၆ နာရီခွဲ ဝန်းကျင်တွင် ဖြစ်ပွားခဲ့ကြောင်း Naval Air Station Lemoore က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပျက်ကျမှုအကြောင်း အသေးစိတ်ကို ထုတ်ပြန်ခြင်းမရှိသေးသော်လည်း F-35C သည် ဖရက်စ်နိုမြို့၏ အနောက်တောင်ဘက် ၃၈ မိုင်ခန့်အကွာတွင်ရှိသော Naval Air Station Lemoore အနီး၌ ပျက်ကျခဲ့ကြောင်း ရေတပ်က ပြောကြားခဲ့သည်။
“လေယာဉ်မှူး အောင်မြင်စွာ ခုန်ထွက်နိုင်ခဲ့ပြီး ဘေးကင်းကြောင်း ကျွန်တော်တို့ အတည်ပြုနိုင်ပါတယ်” ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
အဆိုပါ လေယာဉ်သည် Rough Riders ဟု လူသိများသည့် Strike Fighter Squadron VFA-125 တပ်ခွဲနှင့် သက်ဆိုင်သည်။
ယင်းသည် ယခုနှစ်အတွင်း အမေရိကန်ပြည်ထောင်စု၌ F-35 တိုက်လေယာဉ် ပျက်ကျမှု ဒုတိယအကြိမ်မြောက် ဖြစ်သည်။
ယခုနှစ် ဇန်နဝါရီလနှောင်းပိုင်းတွင် အလက်စကားရှိ Eielson လေတပ်စခန်း၌ F-35 Lightning II တိုက်လေယာဉ်တစ်စင်း ပျက်ကျခဲ့သည်။ အဆိုပါဖြစ်ရပ်နောက်ပိုင်း လေယာဉ်မှူး ဘေးကင်းကြောင်း လေတပ်က ပြောကြားခဲ့သည်။
F-35C သည် အမေရိကန်ရေတပ်၊ မရိန်းတပ်ဖွဲ့နှင့် လေတပ်တို့ အသုံးပြုသော ပဉ္စမမျိုးဆက် အကွာအဝေးရှည်ကြာစွာ ပျံသန်းနိုင်သည့် ရေဒါထောက်လှမ်းနိုင်ခြင်းမရှိအောင် တိတ်ဆိတ်စွာလှုပ်ရှားနိုင်သည့် တိုက်လေယာဉ်ဖြစ်သည်။ ရေတပ်၏အဆိုအရ ၎င်းကို လေကြောင်း- လေကြောင်း တိုက်ပွဲ၊ လေကြောင်း-မြေပြင် တိုက်ခိုက်မှု၊ ထောက်လှမ်းရေးနှင့် အီလက်ထရွန်းနစ်စစ်ပွဲများတွင် အသုံးပြုနိုင်သည်။
Congress Research Service ၏ ဒီဇင်ဘာလအစီရင်ခံစာအရ Lockheed Martin မှ ထုတ်လုပ်သည့် ဤ F-35 တိုက်လေယာဉ်သည် ဒေါ်လာ ၆၂ ဒသမ ၂ သန်းမှ ၇၇ ဒသမ ၂ သန်းအကြား ကုန်ကျနိုင်သည်။
Ref, UPI
