
၃၁. ၇. ၂၀၂၅
Written by Thettant
လူမှုကွန်ရက်ပေါ် ပျံ့နှံ့နေသည့် သီလရှင်များကသတ်မှတ်ဝတ်စုံမဟုတ်ဘဲ ဖန်ရည်စွန်းဝတ်ရုံအရောင်ကွဲ ဝတ်ရုံထားကာ သပိတ်များဆောင်ကာ သီတင်းသုံးနေထိုင်နေခြင်းကိစ္စအား ပဲခူးတိုင်းသံဃနာယကအဖွဲ့က ခေါ်ယူတွေ့ဆုံပြီး သီလရှင်ဝတ်ရုံအရောင်ကို ညွှန်ကြားချက်အတိုင်း လိုက်နာဝတ်ဆင်ရန်၊ မလိုက်နာပါက ပဲခူးတိုင်းမှထွက်ခွာရန်နှင့် အရေးယူမည်ဟု ဆုံးဖြတ်လိုက်ကြောင်း သိရသည်။

ဖြစ်စဥ်တွင် ပဲခူးတိုင်းဒေသကြီး၊ အင်းတကော်မြို့နယ်၊ ထန်းပင်ချောင်ကျေးရွာအုပ်စု၊ သဲဖြူချောင်းကျေးရွာ၊ ငွေစာရင်းမင်းကြီးရုံး ဝိပဿနာအဖွဲ့ အပြည်ပြည်ဆိုင်ရာပဋိပတ္တိလုပ်ငန်းဌာနဥယျာဉ်ရိပ်သာ၌ ဦးဆောင်ဆရာတော်ဘဒ္ဒန္တကဝိဓဇ၊ သက်တော်(၃၅)နှစ်၊ ဝါတော်(၁၅)ဝါ ဦးဆောင်သော ယခုလက်ရှိ သံဃာ(၁၂)ပါး၊ သာမဏေ ၅၂ ပါး၊ ဖိုးသူတော် ၆၉ ပါး၊ သီလရှင် အပါး ၇၀၊ ကပ္ပိယ (ကျား ၈ ဦး- မ ၆ ဦး) စုစုပေါင်း ၂၁၈ ပါး သီတင်းသုံးနေထိုင်လျက်ရှိပြီး အဆိုပါအဖွဲ့တွင်ပါရှိသည့် သီလရှင်ဝတ်ရုံအရောင်များနှင့်ဆွမ်းသပိတ်၊ ဆွမ်းခွက်များနှင့်စပ်လျည်း၍ သာသနာတော်နှင့်အပ်စပ်မှမရှိကြောင်း လူမှုကွန်ရက်ပေါ်တွင် ရေးသားဖော်ပြခဲ့သည်ကို တွေ့ရှိရသည်။

ထို့ကြောင့် ဆရာတော်ဘဒ္ဒန္တကဝိဓဇဦးဆောင်အဖွဲ့အား တာဝန်ရှိ အဖွဲ့အစည်းအဆင့်ဆင့်က ဇူလိုင် ၂၇ ရက်တွင် နယ်မြေဆင်း စုံစမ်းမေးမြန်းစစ်ဆေးရာတွင်၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ မဟာဝိဟာရတောရကျောင်းတွင် သီတင်းသုံးနေထိုင်ခဲ့ပြီးကျောင်းတိုက်မှ သံဃာသီလရှင်အပါး(၈၀)နှင့်အတူ သဲဖြူချောင်းကျေးရွာ၊ ငွေစာရင်းမင်းကြီးရုံးဝိပဿနာအဖွဲ့အပြည်ပြည်ဆိုင်ရာပဋိပတ္တိလုပ်ငန်းဌာနဥယျာဉ်ရိပ်သာသို့ စစ်ဘေးရှောင်အဖြစ် စတင်ရောက်ရှိသီတင်းသုံးနေထိုင်ပြီး ယခုအခါစုစုပေါင်း(၂၁၈)ပါးအထိ ရှိနေပြီဖြစ်ကြောင်းနှင့်သီလရှင်ဝတ်ရုံအရောင်ကွဲများဝတ်ရုံထားသည်မှာလည်း မှန်ကန်လျက်ရှိကြောင်း တွေ့ရှိရသည်။

ထို့ကြောင့် ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ မဟာဝိဟာရတောရကျောင်းမှ နယ်မြေဒေသအခြေအနေအရ ခေတ္တ ရောက်ရှိ နေထိုင်လျက်ရှိကြသည့် ဦးကဝိဓဇ ဦးဆောင်သည့် ရဟန်း၊ သာမဏေ၊ သာသနာနွယ်ဝင်၊ ဖိုးသူတော်တို့၏သွင်ပြင်ခြင်းရာကိုအကြောင်းခံလျက် လူမှုကွန်ရက်စာမျက်နှာ၌ ပျံ့နှံ့လျက်ရှိသည့် “ဗုဒ္ဓဘာသာ ရဟန်း၊ ရှင်၊ လူ အများပြည်သူတို့ အုပ်စုကွဲပြား အယူအဆလွဲမှား ပြောဆို ရေးသားမှု ဖြစ်ပွား ကျယ်ပြန့်နေမှုကို” ထေရဝါဒ ဗုဒ္ဓဘာသာ သာသနာ(နွယ်)ဝင် များဆိုင်ရာ အခြေခံစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားလွှာတို့အရ လိုအပ်သလို ဆွေးနွေး စိစစ် ဆောင်ရွက်ကြပြီး ပဲခူးတိုင်းဒေသကြီးသံဃနာယကအဖွဲ့က (က) သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း၊ လုပ်ထုံး လုပ်နည်းများ၊ ထေရဝါဒဗုဒ္ဓဘာသာ သီလရှင်အဖွဲ့အစည်း အခြေခံစည်းမျဉ်း၊ လုပ်ထုံး လုပ်နည်းများ၊ ညွှန်ကြားလွှာတို့နှင့် အညီ လိုက်နာ ကျင့်သုံးနေထိုင်ရန်။ (ခ) သီလရှင်ဝတ်ရုံအရောင်ကို ညွှန်ကြားလွှာအမှတ်(၈၇)သတ်မှတ်ချက်အရသာ မပျက်မကွက်လိုက်နာကျင့်သုံးနေထိုင်ရန်။(ဂ) ရဟန်း ရှင် လူ အများပြည်သူတို့ အုပ်စုကွဲပြား၊ ညီညွတ်မှုပျက်ပြား၊ ဘာသာရေး ဆိုင်ရာ ဝေဝါးစေမည့် ထေရဝါဒ ဗုဒ္ဓဘာသာ သာသနာ့ဝန်ထမ်း ရှင်၊ ရဟန်း၊ သီလရှင်များဆိုင်ရာ အစဉ်အလာကိုဖျက် ဆောင်ရွက်လျက်ရှိသော အပြုအမူ၊ အပြောအဆို၊ အရေးအသား၊ ဖြန့်ဝေမှုများကို ချက်ချင်း ရပ်တန့်ရန်။ (ဃ) အထက်ပါဆုံးဖြတ်ချက်များကို လိုက်နာရန်ပျက်ကွက်ပါက ပဲခူးတိုင်းဒေသကြီးနယ်မြေအတွင်းမှ ချက်ချင်းဖယ်ရှားထွတ်ခွာစေရန်နှင့်ဥပဒေပြဌာန်းချက်အလိုက် လိုအပ်သလိုအရေးယူဆောင်ရွက်ရန်။” ဟုဆုံးဖြတ်ချက်ချလိုက်ကြောင်း သိရှိရသည်။

ပုံစာ။ ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ မဟာဝိဟာရတောရကျောင်းမှ ဦးကဝိဓဇဦးဆောင်သော အဖွဲ့ပုံရိပ် (ဓာတ်ပုံ – မစိုးရိမ် ဖေးမလက်တွဲ)
(မှတ်ချက်။ သတ်မှတ်အရောင်သည် “အဝါမကျ၊ အနီမကျ စပ်ခွဲဆိုးထားသောအရောင်”ဟု ညွှန်ကြားချက် ၈၇ က ဆိုထားပါသည်)
