၃၁.၇.၂၀၂၅
Translated by Htwe Ko Tun
ကမ္ဘောဒီးယားနိုင်ငံက ထိုင်းနိုင်ငံအနေနဲ့ နယ်စပ်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့စဉ်က ဖမ်းဆီးထားတဲ့ ကမ္ဘောဒီးယားစစ်သား၂၀ ဦးကို ပြန်လည်လွှတ်ပေးဖို့ နှစ်နိုင်ငံအကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ရရှိပြီးတဲ့နောက် ဇူလိုင်လ ၃၁ ရက်မှာ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
နှစ်နိုင်ငံအကြား ဆယ်စုနှစ်တွေအတွင်း အပြင်းထန်ဆုံးတိုက်ခိုက်မှုလို့ဆိုရမယ့် ငါးရက်ကြာတိုက်ခိုက်မှုတွေအတွင်းမှာ နှစ်ဘက် အနည်းဆုံး ၄၃ ဦး သေဆုံးခဲ့ကြပါတယ်။
ဇူလိုင်လ ၂၈ ရက်မှာ အပစ်အခတ်ရပ်စဲမှုသဘောတူညီချက်ရပြီးနောက် ဇူလိုင်လ ၃၀ ရက်မှာ နှစ်ဘက် အပြန်အလှန်သဘောတူညီချက်ကိုချိုးဖောက်တယ်လို့ စွပ်စွဲပြောဆိုခဲ့ကြပေမယ့် ဇူလိုင်လ ၃၀ ရက်ညပိုင်းကနေ ဇူလိုင်လ ၃၁ ရက်အတွင်းမှာတော့ အကြမ်းဖက်တိုက်ခိုက်မှုတွေမရှိခဲ့ဘူးလို့ သိရပါတယ်။
ကမ္ဘောဒီးယားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူအမျိုးသမီး မာလီဆိုချေတာကတော့ ထိုင်းနိုင်ငံအနေနဲ့ ဖမ်းဆီးထားတဲ့ ကမ္ဘောဒီးယားစစ်သား၂၀ ဦးကို ပြန်လည်လွှတ်ပေးဖို့ ဇူလိုင် ၃၁ ရက်မှာ ပြောခဲ့တာပါ။
ကမ္ဘောဒီးယားစစ်သား၂၀ ဦးက အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ရဖို့ ရှစ်နာရီခန့်အလို ဇူလိုင် ၂၈ ရက် နံနက်က ဖမ်းဆီးခံလိုက်ရတာလို့လည်း မာလီဆိုချေတာက ပြောခဲ့ပါတယ်။ ကမ္ဘောဒီးယားစစ်သားတွေ လုံခြုံစိတ်ချစွာ ပြန်လည်လွတ်မြောက်ဖို့ ထိုင်းဘက်နဲ့အကောင်းဆုံးညှိနှိုင်းမှုတွေ ဆက်လက်ပြုလုပ်သွားမယ်လို့လည်း ဆိုချေတာက ပြောခဲ့ပါတယ်။
ထိုင်းအစိုးရဘက်ကလည်း ကမ္ဘောဒီးယားတပ်ဖွဲ့ဝင်တွေကို အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာမှု ဥပဒေနဲ့စစ်စည်းကမ်းတွေနဲ့အညီ ဖမ်းဆီးထားပြီး နယ်စပ်ဒေသအခြေအနေတည်ငြိမ်ရင် ပြန်လည်လွှဲပြောင်းပေးမယ်လို့ ပြောခဲ့ပါတယ်။
ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးဌာနက တိုက်ခိုက်မှုတွေအတွင်း ကမ္ဘောဒီးယားဘက်မှ ၁၃ ဦးသေဆုံးခဲ့ရပြီး အရပ်သားရှစ်ဦးနှင့် စစ်သားငါးဦးပါဝင်တယ်လို့ သိရပါတယ်။ ဒါ့ပြင် အနည်းဆုံး အရပ်သား ၅၀ ဦးနဲ့ စစ်သား ၂၀ ဦးကျော်ဒဏ်ရာရခဲ့တယ်လို့ ကြေညာချက်ထုတ်ခဲ့ပါတယ်။
ထိုင်းစစ်တပ်ကလည်း တိုက်ခိုက်မှုတွေအတွင်း အရပ်သား ၁၅ ဦးနဲ့ စစ်သား ၁၅ ဦး အပါအဝင် သေဆုံးသူ ၃၀ ဦးရှိသွားပြီလို့ ပြောခဲ့ပါတယ်။ ဒါ့ပြင် စစ်သား ၂၉ ဦးနဲ့ အရပ်သား ၃၀ ဦး ဒဏ်ရာရခဲ့တယ်လို့လည်း သိရပါတယ်။
နှစ်ဖက်သေဆုံးသူဦးရေက ၄၃ ဦးအထိရှိပြီး နှစ်နိုင်ငံကြား ၂၀၀၈ ခုနှစ်နှင့် ၂၀၁၁ ခုနှစ်တို့မှာ ဖြစ်ပွားခဲ့တဲ့ အဓိကတိုက်ခိုက်မှုတွေမှာ သေဆုံးခဲ့သူ ၂၈ ဦးထက်ပိုပြီးမြင့်မားပါတယ်။
Ref- CNA
