၂၅.၉.၂၀၂၆
Written By Thandar
ကျောက်စိမ်းရတနာ ဝယ်ယူရာမှာ ဆုံးရှုံးမှုနဲ့ပတ်သက်ပြီး အဝယ်မတတ်ခြင်း၊ ဝယ်ယူထားတဲ့ ကျောက်စိမ်းရဲ့ ဈေးနှုန်းပြန်လည်မြင့်တက်လာမယ့် အချိန်ကာလကို ကိုယ်တိုင်သတ်မှတ်ချက်မရှိခြင်း၊ တတ်သိနားလည်တဲ့မိတ်ဆွေမရှိဘဲ မှားယွင်းဝယ်ယူမိခြင်းတို့က ဂွါတီမာလာ (Guatemala) ကျောက်စိမ်းတွေကို မြန်မာ့ကျောက်စိမ်းအမည်ခံပြီး ရောင်းချတာကိုမသိဘဲ ဝယ်ယူမိနေတာတွေရှိတယ်လို့ MK Myanmar Jade & Jewellery ရဲ့ Founder က ကိုမင်းခန့်က ပြောပါတယ်။
မြန်မာ့တွင်းထွက် ကျောက်စိမ်းရတနာက သဘာဝကပေးတဲ့ ရှားပါးသယံဇာတဖြစ်ပြီး အရည်အသွေးမြင့်မားသလို ကမ္ဘာကအသိအမှတ်ပြုရတဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ရတနာဖြစ်ပါတယ်။
“ကျောက်တွေက ဝယ်ပြီးရင် ရှုံးကြတာက နံပါတ်တစ်အချက်အနေနဲ့ အဝယ်မတတ်လို့ပါ။ နံပါတ်နှစ်အနေနဲ့က ကျောက်ဝယ်ပြီးရင် ဒီကျောက်သည် ဘယ်အချိန်လောက်မှာ ဈေးပြန်တက်လာနိုင်သလဲဆိုတာကို ကိုယ်တိုင် သတ်မှတ်ချက်မရှိလို့ပါ။ နောက်တစ်ချက်က တတ်သိနားလည်တဲ့ မိတ်ဆွေ အပေါင်းအသင်းမရှိလို့ ကိုယ်တိုင်မှားပြီး ဝယ်မိတာပါ။ နောက်တစ်ချက်က ဂွါတီမာလာ( Guatemala) ကျောက်တွေကို မြန်မာ့ကျောက်စိမ်းအမည်ခံပြီး ရောင်းကြတဲ့အပေါ်မှာ မသိဘဲ ဝယ်မိတာတွေကြောင့် ကျောက်က ဝယ်ရှုံးဖြစ်တာများပါတယ်။ ဒါကတော့ ကျွန်တော်တို့ အခုရောင်းချနေတဲ့ အချောထည်ပစ္စည်းတွေ ဘဝအနေနဲ့ကို ပြောပြခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ ပွင့်ပွင့်လင်းလင်းပြောရရင် Customer တိုင်းကို တစိတ်တည်း တစ်သားတည်း ဆက်ဆံတယ်”လို့ ကိုမင်းခန့်က MT Entertainment ကို ပြောပါတယ်။
ကျောက်စိမ်းက ရှေးဘုရင်လက်ထက်ကတည်းက နန်းတွင်းမှာပဲ အသုံးပြုခွင့်ရှိခဲ့တဲ့ ရတနာဖြစ်တာကြောင့် ကောင်းခြင်းမင်္ဂလာနဲ့ ပြည့်စုံပါတယ်။ အထူးသဖြင့် ပြည်ပက တရုတ်နိုင်ငံသားတွေ အလွန်နှစ်ခြိုက်ကြတာဖြစ်ပါတယ်။ ကိုမင်းခန့်ကတော့ MK Myanmar Jade & Jewellery ကို စတင်ထူထောင်ခဲ့တာ ဆယ်စုနှစ် ဝန်းကျင်ရှိပြီဖြစ်ပြီး ပြည်တွင်းပြည်ပက ကျောက်စိမ်းချစ်သူတွေကို စစ်မှန်တဲ့ မြန်မာ့ရတနာစစ်စစ်တွေကို ပိုင်ဆိုင်နိုင်စေဖို့ ရည်ရွယ်ချက်နဲ့ ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ အဆိုပါ ရတနာဆိုင်မှ ပစ္စည်းတွေကို ပြည်တွင်း၊ ပြည်ပက ဝယ်ယူသူတွေအပြင် ပြည်တွင်းရှိ အနုပညာရှင်တွေလည်း ဝယ်ယူအားပေးလျက်ရှိတယ်လို့ သိရပါတယ်။
ကျောက်စိမ်းရတနာ စတင်တွေ့ရှိခဲ့တာနဲ့ပတ်သက်ပြီး တရုတ်-မြန်မာနယ်စပ်က ကုန်သည်ကြီးတစ်ဦးက စတင်တွေ့ရှိခဲ့တာဖြစ်ပြီး မြန်မာ့မြေပေါ်မှာ ထွက်ရှိတဲ့အတွက် ဂုဏ်ယူစရာပြယုဂ်တစ်ခုဖြစ်ကြောင်း၊ ဂျပန်၊ ရုရှား၊ ဂွါတီမာလာစတဲ့ နိုင်ငံတွေလည်း ကျောက်စိမ်းထွက်ရှိသော်လည်း မြန်မာ့ကျောက်စိမ်းရဲ့ အရည်အသွေးနဲ့ တန်ဖိုးကို မမှီဘူးလို့ သိရပါတယ်။
