MT News
၂၅. ၉. ၂၀၂၆
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရေတပ်၏ ၄၈ ကြိမ်မြောက် အစောင့်အကြပ် စစ်သင်္ဘောအုပ်စုသည် မြန်မာနိုင်ငံသို့ ၅ ရက်ကြာ ချစ်ကြည်ရေးခရီးစဉ် စတင်ရန် ကြာသပတေးနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာခဲ့သည်။
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(ရေ) 48th PLA Navy Escort Task Group မှ စစ်ရေယာဉ်များဖြစ်သည့် ဖျက်သင်္ဘော Tang Shan ၊ ဖရီးဂိတ်စစ်ရေယာဉ် Da Qing နှင့် ထောက်ပံ့ရေးစစ်ရေယာဉ် Tai Hu တို့သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးခရီးလည်ပတ်ရန်အတွက် ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းသို့ရောက်ရှိလာရာ တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးနှင့် စစ်သံရုံးတို့မှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
အဆိုပါစစ်ရေယာဉ်များတွင် အဖွဲ့ခေါင်းဆောင်အဖြစ် Senior Captain Xu Fang ဦးစီး၍ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(ရေ) 48th PLA Navy Escort Task Group မှ အရာရှိ၊ စစ်သည်များလိုက်ပါလာပြီး ခရီးစဉ်အတွင်း ရန်ကုန်မြို့ရှိအထင်ကရနေရာများသို့ သွားရောက်လေ့လာလည်ပတ်ခြင်းနှင့် နှစ်နိုင်ငံချစ်ကြည်ရေးအားကစားပြိုင်ပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါ စစ်သင်္ဘောအုပ်စုသည် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၁ ရက်တွင် ဧဒင်ကွေ့နှင့် ဆိုမာလီယာ ရေပြင်အတွင်း စောင့်ကြပ်ကြည့်ရှုရေး တာဝန်များ ထမ်းဆောင်ရန် စတင်ထွက်ခွာခဲ့ခြင်းဖြစ်သည်။
ဧဒင်ကွေ့အတွင်း တာဝန်ထမ်းဆောင်မှုများကို မကြာသေးမီက ပြီးစီးခဲ့ပြီးနောက် တရုတ်နိုင်ငံသို့ အပြန်ခရီးစဉ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်ခဲ့ကာ ယခုအခါ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် စတင်ခဲ့ခြင်းဖြစ်သည်။
Ref: MOI & Xinhua
