၂၉.၉.၂၀၂၆
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုအခြေစိုက် အာကာသနည်းပညာကုမ္ပဏီကြီးဖြစ်သော SpaceX က ယခုအချိန်အထိ ၎င်းတည်ဆောက်ခဲ့သမျှတွင် အကြီးမားဆုံးနှင့် စွမ်းအားအကြီးဆုံးဖြစ်သော Starship အာကာသယာဉ်ကို စက်တင်ဘာလ ၂၈ ရက်က ကမ္ဘာပတ်လမ်းကြောင်းသို့ လွှတ်တင်ခဲ့ကြောင်း သိရသည်။
NASA ၏ Artemis လကမ္ဘာသွား အစီအစဉ်အတွက် အထောက်အပံ့ပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း သက်သေပြနိုင်ရန် Starship သည် ကမ္ဘာကို ခြောက်ကြိမ်ပတ်နိုင်လိမ့်မည်ဟု SpaceX က မျှော်လင့်ထားခဲ့သည်။
“Starship က ကမ္ဘာပတ်လမ်းကြောင်းထဲ ရောက်ရှိသွားပါပြီ” ဟု မစ်ရှင်ထိန်းချုပ်ရေးဌာနက ဝမ်းမြောက်စွာ ကြေညာခဲ့သည်။ လွှတ်တင်မှုကို တက္ကဆက်ပြည်နယ်ရှိ Starbase တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ကမ္ဘာပတ်လမ်းကြောင်းလှည့်ပတ်မှုများသည် ၁၀ နာရီခန့် ကြာမြင့်မည်ဖြစ်ပြီး ချီလီနိုင်ငံအနီး ပစိဖိတ်သမုဒ္ဒရာထဲသို့ ဆင်းသက်ခြင်းဖြင့် အဆုံးသတ်ရန် စီစဉ်ထားခဲ့သည်။
သို့သော် လွှတ်တင်ပြီး တစ်နာရီအကြာတွင် SpaceX က Starship ကို ကမ္ဘာပတ်လမ်းကြောင်းထဲ၌ သုံးနာရီခန့်သာ နေစေပြီးနောက် ကမ္ဘာမြေသို့ ပြန်လည်ခေါ်ဆောင်ရန် စီစဉ်ထားကြောင်း ပြောကြားခဲ့ရာ ၁၀ နာရီကြာ ခရီးစဉ်မှာ တိုတောင်းသွားခဲ့သည်။
NASA အကြီးအကဲ ဂျားအီဆာအက်မန်က Starship အနေဖြင့် ကမ္ဘာပတ်လမ်းကြောင်းသို့ အောင်မြင်စွာရောက်ရှိခဲ့ခြင်းနှင့် အဆင့်တိုင်းကို ဘေးကင်းလုံခြုံပြီး တာဝန်သိစိတ်ရှိကာ အထူးသဖြင့် စိတ်ဓာတ်ခွန်အားဖြစ်စေမည့် နည်းလမ်းများဖြင့် စီမံဆောင်ရွက်နိုင်ခဲ့ခြင်းတို့အတွက် ချီးကျူးစကား ပြောကြားခဲ့သည်။
Starship သည် ယခုအချိန်အထိ တည်ဆောက်ခဲ့သမျှတွင် အကြီးမားဆုံးနှင့် စွမ်းအားအကြီးဆုံး အာကာသယာဉ်ဖြစ်ပြီး ၎င်းကို အစကတည်းက အကြိမ်ကြိမ် ပြန်လည်အသုံးပြုနိုင်ရန် ဒီဇိုင်းထုတ်ထားသည့် ၄၀၇ ပေ (၁၂၄ မီတာ) ရှည်လျားသော ဒုံးပျံဖြင့် တွန်းကန်လွှတ်တင်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အာကာသယာဉ်တွင် နောက်ဆုံးပေါ်နှင့် အဆင့်မြင့်ဆုံး Starlink ဂြိုဟ်တု ၂၆ လုံးကို တင်ဆောင်သွားခဲ့ပြီး လက်ရှိ အင်တာနက်ဝန်ဆောင်မှုပေးနေသော ဂြိုဟ်တုဟောင်း ၁၁,၀၀၀ နှင့် ပူးပေါင်းလုပ်ဆောင်နိုင်ရန် ၎င်းတို့ကို တစ်လုံးချင်းစီ လွှတ်တင်ခဲ့သည်။
“Starlink V3 ဂြိုဟ်တု ၂၆ လုံးစလုံးကို လွှတ်တင်ပြီးစီးခဲ့ပြီး ပုံမှန်အတိုင်း ကောင်းမွန်စွာ လည်ပတ်လုပ်ဆောင်နေပါပြီ” ဟု SpaceX ၏ အမှုဆောင်အရာရှိချုပ် ဖြစ်သူ အီလွန်မာ့က်စ်က လူမှုကွန်ရက် X တွင် ရေးသားဖော်ပြခဲ့သည်။
SpaceX ၏ V3 ဂြိုဟ်တုများသည် လွှတ်တင်ပြီးနောက် ကမ္ဘာမြေနှင့် အခြား Starlink ဂြိုဟ်တုများထံသို့ ချိတ်ဆက်မှု မပြုလုပ်မီ ၎င်းတို့၏ အင်တင်နာများနှင့် နေရောင်ခြည်စွမ်းအင်သုံးပြားများကို ဖြန့်ကျက်နိုင်ရန် ဒီဇိုင်းထုတ်ထားခြင်း ဖြစ်သည်။
SpaceX သည် ၂၀၂၃ ခုနှစ်တွင် Starship ကို စတင်ပျံသန်းစေခဲ့ပြီး ယင်းအစီအစဉ်တွင် စမ်းသပ်မှု အဆင့်ဆင့်၏ အောင်မြင်မှုများနှင့်ကျရှုံးမှုများကိုတွေ့ကြုံခဲ့ရသည်။ စီးပွားဖြစ်ပျံသန်းမှုများ ပြုလုပ်ခြင်း၊ ကမ္ဘာပတ်လမ်းကြောင်းအတွင်း ဒေတာစင်တာများ ထားရှိခြင်း သို့မဟုတ် လနှင့် အင်္ဂါဂြိုဟ်တို့သို့ ရောက်ရှိခြင်းစသည့် ၎င်း၏ ရည်မှန်းချက်များကို အကောင်အထည်မဖော်နိုင်မီ နည်းပညာပိုင်းဆိုင်ရာ စိန်ခေါ်မှုများစွာနှင့်ကြုံတွေ့နေရသေးသည်။
Ref- DW News
