MT News
၂၉. ၉. ၂၀၂၆
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် နေထိုင်သော အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် ဩဂုတ် ၁၁ ရက် ညနေ ၄ နာရီ ၄၅ မိနစ်ခန့်က အထည်ချုပ်စက်ရုံ၌ အထည်ဖြတ်စက်ဖြင့် ထိခိုက်မှုကြောင့် ဘယ်ဘက်လက်ညှိုး ပြတ်တောက်သွားသဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အရေးပေါ်ဌာနသို့ ည ၇ နာရီ ၁၅ မိနစ်တွင် ရောက်ရှိလာခဲ့ရာ တာဝန်ကျအရိုးအထူးကုဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများက လိုအပ်သောကနဦး ကုသမှုများ ဆောင်ရွက်ပေးခဲ့ပြီး ဘယ်ဘက်လက်ညှိုး ပြန်ဆက်သည့် ခွဲစိတ်ကုသမှု (Replantation Surgery)ကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးအရေးပေါ်ခွဲစိတ်ခန်း၌ အဆိုပါနေ့ ည ၈ နာရီခွဲတွင် စတင်ခွဲစိတ်မှုပြုလုပ်ခဲ့ရာ ဩဂုတ် ၁၂ ရက် နံနက် ၁ နာရီတွင် ခွဲစိတ်ကုသမှုအောင်မြင်စွာ ပြီးဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ ခွဲစိတ်ကုသမှုကို လက်ပိုင်းဆိုင်ရာ ခွဲစိတ်ဆရာဝန်များအဖွဲ့၊ မေ့ဆေးအထူးကု ဆရာဝန်များအဖွဲ့၊ ကျွမ်းကျင်သူနာပြုကြီး/ သူနာပြုများအဖွဲ့နှင့် ဆက်စပ်ဌာနများမှ အထောက်အကူပြု ဓာတ်ခွဲ၊ ဓာတ်မှန်ကျွမ်းကျင် ဝန်ထမ်းများအားလုံး ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါလူနာ၏ ပြန်ဆက်ထားသော ဘယ်ဘက်လက်ညှိုးမှာ မူလအတိုင်း ကောင်းစွာလှုပ်ရှားနိုင်ပြီဖြစ်သဖြင့် ခွဲစိတ်ပြီး ၂၉ ရက်မြောက် စက်တင်ဘာ ၉ ရက်တွင် ဆေးရုံဆင်းခွင့်ရရှိပြီး လိုအပ်သော လေ့ကျင့်ခန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်ဟု ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ၂၀၂၂ ခုနှစ်တွင် လက်ဖျံပြန်ဆက် ခွဲစိတ်သူတစ်ဦး၊ ၂၀၂၃ ခုနှစ်တွင် လက်မောင်းပြန်ဆက်ခွဲစိတ်သူ တစ်ဦးနှင့် လက်မပြန်ဆက်ခွဲစိတ်သူ တစ်ဦး၊ ၂၀၂၄ ခုနှစ်တွင် လက်မပြန်ဆက်ခွဲစိတ်သူတစ်ဦး၊ ၂၀၂၅ ခုနှစ်တွင် လက်ဖဝါးနှင့်လက်မ ပြန်ဆက်ခွဲစိတ်သူ နှစ်ဦး၊ ၂၀၂၆ ခုနှစ် ယခုအချိန်ထိ လက်ညှိုး ပြန်ဆက်ခွဲစိတ်သူ တစ်ဦး စုစုပေါင်း ခုနစ်ဦးအား ပြန်ဆက်ခွဲစိတ်ကုသမှု(Replantation Surgery) ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
