◾ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် သက်ဆိုင်ရာက စိစစ်နေ

၃၁.၇.၂၀၂၅
Written By Zun
မန္တလေးတွင် အမျိုးသားတစ်ဦးအထပ်မြင့်တိုက်ပေါ်မှ တိုက်အောက်ရှိ ကျောက်ဂွေအတွင်း ဇောက်ထိုးပြုတ်ကျသေဆုံးမှု ယနေ့ ဇူလိုင်လ ၃၁ ရက် နံနက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့ ဇူလိုင်လ ၃၁ ရက် နံနက် ၂ နာရီခန့်အချိန်က မန္တလေးမြို့၂၆ လမ်း – ၅၈ A ကြားတွင် အထပ်မြင့်တိုက်ပေါ်မှ အမျိုးသားတစ်ဦး တိုက်အောက်ရှိ ကျောက်ဂွေအတွင်း ဇောက်ထိုး ပြုတ်ကျကြောင်းသတင်းအရ နန်းတော်ရှေ့ လူမှုကယ်ဆယ်ရေးအဖွဲ့က သွားရောက် ကူညီခဲ့ကြကြောင်း သိရသည်။

အဆိုပါ အမျိုးသားမှာ အသက် ၅၀ ကျော်အရွယ် ကိုကျော်သူရဆိုသူ ဖြစ်ပြီး ယင်း၏ နေအိမ် အထပ်မြင့်ပေါ်က ပြုတ်ကျစဉ် ဘေးအိမ်ရှိ ကျောက်ဂွေအတွင်းသို့ ဇောက်ထိုးကျခဲ့သည့်အတွက် နေရာ၌ပင် သေဆုံးခဲ့သည်။
သေဆုံးသူ ရုပ်အလောင်းကို သက်ဆိုင်ရာက သေမှုသေခင်းစစ်ဆေးချက်များရယူပြီးနောက် နန်း တော်ရှေ့ လူမှုကယ်ဆယ်ရေးအဖွဲ့က မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ဓမ္မတာအတိုင်း သေဆုံးမှု ဟုတ်မဟုတ်စစ်ဆေးနေကြောင်းလည်း ဒေသခံတစ်ဦးက MT News ကို ပြောသည်။
“ကိုကျော်သူရက အရက်သောက်တယ်။ အရက်မူးပြီး ပြုတ်ကျတာလည်း ဖြစ်နိုင်တယ်လို့ ပြောနေကြတယ်။ ဒါပေမဲ့လည်း သက်ဆိုင်ရာကတော့လုပ်ထုံးလုပ်နည်းအရ စစ်ဆေးနေတယ်လို့ သိရတယ်” ဟု အဆိုပါ ဒေသခံက MT News ကို ပြောသည်။
