





MT News
၃၁. ၇. ၂၀၂၅
လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းမှုများချုပ်ငြိမ်းစေရန်နှင့် နယ်မြေဒေသ တည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးတို့ကို ထိရောက်စွာဆောင်ရွက်နိုင်ရန်အလို့ငှာ တိုင်းဒေသကြီးနှင့်ပြည်နယ်ကိုးခုရှိ မြို့နယ် ၆၃ ခုကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)၊ ပုဒ်မ ၄၁၂(က) အရ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၊ ယာယီသမ္မတ (တာဝန်) က ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် ၁/၂၀၂၅ ဖြင့် အရေးပေါ်အခြေအနေကြေညာလိုက်ကြောင်း သိရသည်။
အဆိုပါ ဒေသများမှာ ကချင်ပြည်နယ်တွင် ဆွမ်ပရာဘွမ်မြို့နယ်၊ ရွှေကူမြို့နယ်၊ အင်ဂျန်းယန်မြို့နယ်၊ ဆော့လော်မြို့နယ်၊ ချီဖွေမြို့နယ်။ ကယားပြည်နယ်မှ ရှားတောမြို့နယ်၊ ဖားဆောင်းမြို့နယ်၊ မယ်စဲ့မြို့နယ်။ကရင်ပြည်နယ်မှ ကော့ကရိတ်မြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်။ ချင်းပြည်နယ်မှ ကန်ပက်လက်မြို့နယ်၊ ထန်တလန်မြို့နယ်၊ ပလက်ဝမြို့နယ်၊ တွန်းဇံမြို့နယ်၊မင်းတပ်မြို့နယ်၊ မတူပီမြို့နယ်၊ ဖလမ်းမြို့နယ်။ စစ်ကိုင်းတိုင်းဒေသကြီးမှ ထီးချိုင့်မြို့နယ်၊ ကောလင်းမြို့နယ်၊ ပင်လည်ဘူးမြို့နယ်၊ ခင်ဦးမြို့နယ်၊ ဝက်လက်မြို့နယ်၊ ကနီမြို့နယ်၊ ဒီပဲယင်းမြို့နယ်၊ ပုလဲမြို့နယ်၊ အင်းတော်မြို့နယ်။ မကွေးတိုင်းဒေသကြီးမှ ပေါက်မြို့နယ်၊ မြိုင်မြို့နယ်၊ ဆောမြို့နယ်၊ ထီးလင်းမြို့နယ်၊ ရေစကြိုမြို့နယ်။ မန္တလေးတိုင်းဒေသကြီးမှမိုးကုတ်မြို့နယ်၊ စဉ့်ကူးမြို့နယ်၊ ငါန်းဇွန်မြို့နယ်။ ရခိုင်ပြည်နယ်မှ ရမ်းဗြဲမြို့နယ်၊ ပေါက်တောမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ ဂွမြို့နယ်၊ မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကျောက်တော်မြို့နယ်၊ မင်းပြားမြို့နယ်၊ မြေပုံမြို့နယ်၊ မြောက်ဦးမြို့နယ်၊ သံတွဲမြို့နယ်၊ အမ်းမြို့နယ်၊ တောင်ကုတ်မြို့နယ်။ ရှမ်းပြည်နယ်မှ နမ္မတူမြို့နယ်၊ မဘိမ်းမြို့နယ်၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ခမ်းမြို့နယ်၊ သိန္နီမြို့နယ်၊ ကွမ်းလုံမြို့နယ်၊ နမ့်ဆန်မြို့နယ်၊ မန်တုံမြို့နယ်၊ လောက်ကိုင်မြို့နယ်၊ ဟိုပန်မြို့နယ်၊ ကုန်းကြမ်းမြို့နယ်၊ မိုးမိတ်မြို့နယ်၊ ကျောက်မဲမြို့နယ်၊သီပေါမြို့နယ်နှင့် မိုင်းလားမြို့နယ်တို့ဖြစ်ပြီး အဆိုပါအမိန့်သည် ယနေ့မှစ၍ ရက်ပေါင်း (၉၀) အထိ အတည်ဖြစ်သည်ဟု သိရသည်။
ဥပဒေကဲ့သို့ အာဏာတည်သောအမိန့် ( ၁ / ၂၀၂၅) ဖြင့် အရေးပေါ်အခြေအနေကြေညာ ထားသည့် မြို့နယ်များတွင် အုပ်ချုပ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ သည် မူလအခြေအနေသို့ ပြန်လည်ရောက်ရှိစေခြင်းငှာ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၃၊ ပုဒ်မခွဲ (ခ) အရ စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်၍ အဆိုပါ မြို့နယ်များ၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး တာဝန်များကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား အပ်နှင်းလိုက်သည်ဟုလည်း ဥပဒေကဲ့သို့ အာဏာတည်သောအမိန့် (၂ / ၂၀၂၅) ဖြင့် ထုတ်ပြန်ထားပြီး ယင်းလုပ်ပိုင်ခွင့်နှင့် တာဝန်များကို မိမိကိုယ်တိုင် ကျင့်သုံးဆောင်ရွက်ခြင်း သို့မဟုတ် သင့်လျော်သည့် စစ်ဘက်အာဏာပိုင်တစ်ဦးဦးကို ကျင့်သုံး ဆောင်ရွက်စေခြင်း ပြုနိုင်သည်ဟုလည်း ဖော်ပြထားသည်။
အလားတူ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် လက်နက်ကိုင်အကြမ်းဖက် သောင်း ကျန်းမှုများချုပ်ငြိမ်းစေရန်နှင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးတို့ကို ထိရောက်စွာဆောင်ရွက်နိုင်ရန်အလို့ငှာ ဥပဒေကဲ့သို့အာဏာတည်သည့်အမိန့်အမှတ်၊ ၁ /၂၀၂၅ ကိုထုတ်ပြန်၍ ယင်းအမိန့်ပါ မြို့နယ်များကို အရေးပေါ်အခြေအနေကြေညာခဲ့သည်။ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်နယ်မြေများတွင်ပါဝင်သော ယင်းဥပဒေကဲ့သို့အာဏာတည်သည့်အမိန့်ပါ မြို့နယ်များအတွင်း အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေးအာဏာကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးများသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၃၊ ပုဒ်မခွဲ(ခ)အရ အပ်နှင်းလိုက်ပြီး သက်ဆိုင်ရာ တိုင်းမှူးများသည် အချိန်နှင့်တစ်ပြေးညီ ပြောင်းလဲဖြစ်ပေါ်လျက်ရှိသော အခြေအနေအရပ်ရပ်ပေါ်မူတည်၍ မိမိကိုယ်တိုင်သော်လည်းကောင်း၊ စစ်နယ်မြေမှူးများကို တာဝန်လွှဲအပ်၍လည်းကောင်း စစ်အုပ်ချုပ်ရေးအာဏာကို ကျင့်သုံးနိုင်သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စစ်အုပ်ချုပ်ရေးအမိန့်အမှတ် (၁ /၂၀၂၅) ကို ထုတ်ပြန်ကြေညာထားသည်။
