MT News
၂၉. ၉. ၂၀၂၆
မြန်မာ- အိန္ဒိယနှစ်နိုင်ငံအကြား ကုန်သွယ်မှုကို ပိုမိုလွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်ရေးအတွက် မြန်မာဘဏ်များက အိန္ဒိယဘဏ်များတွင် အိန္ဒိယရူပီးစာရင်းဖွင့်လှစ်ခြင်းနှင့် အိန္ဒိယဘဏ်များက မြန်မာကျပ်ငွေစာရင်းကို မြန်မာပြည်တွင်းဘဏ်များတွင် ဖွင့်လှစ်ခြင်း ဆောင်ရွက်ရန် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးက မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးထံ ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးမှုကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးထံ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E.Mr. Abhay Thakur နှင့် အဖွဲ့က ယမန်နေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ် အစည်းအဝေးခန်းမသို့ လာရောက်တွေ့ဆုံဆွေးနွေးစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။
ထိုသို့ တွေ့ဆုံစဉ် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးက မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် အိန္ဒိယနိုင်ငံ ဗဟိုဘဏ်တို့ကြားရေးဆွဲ ဆောင်ရွက်နေသော နှစ်နိုင်ငံငွေကြေးလဲလှယ်ရေး သဘောတူညီချက်(မူကြမ်း) (Currency Swap Arrangement Draft) ကိစ္စနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်မူကြမ်းအရ မြန်မာဘဏ်များက အိန္ဒိယဘဏ်များတွင် အိန္ဒိယရူပီးစာရင်းဖွင့်လှစ်ခြင်းအပြင် အိန္ဒိယဘဏ်များက မြန်မာကျပ်ငွေစာရင်းကို မြန်မာပြည်တွင်းဘဏ်များတွင် ဖွင့်လှစ်ခြင်းကိုပါ ဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ Currency Swap Arrangement အရ ပြည်ပအဆက်အသွယ်ဘဏ်များက ပြည်တွင်းဘဏ်များတွင် စာရင်းဖွင့်လှစ်ခြင်း (Vostro Account)နှင့် ပြည်တွင်းဘဏ်များက ပြည်ပအဆက်အသွယ်ဘဏ်များတွင် စာရင်းဖွင့်လှစ်ခြင်း (Nostro Account)တို့ အပြန်အလှန်ဖွင့်လှစ်ခြင်းဖြင့် ကုန်သွယ်မှုကို ပိုမိုလွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်ပါသဖြင့် အရေးကြီးပါကြောင်း ပြောကြားသည်။
အဆိုပါ ဆွေးနွေးပြောကြားချက်အပေါ် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက Currency Swap Arrangement နှင့် ပတ်သက်၍ မိမိတို့အနေဖြင့် အချက်အလက်ဆိုင်ရာ ဖော်ပြချက် (Terms & Conditions) များကို စိစစ်၍ ဆက်လက်ဆောင်ရွက်နေပါကြောင်း၊ နှစ်နိုင်ငံကုန်သွယ်မှုတွင် နှစ်နိုင်ငံငွေကြေးသုံးစွဲရန် ဦးစားပေးဆောင်ရွက်နေကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် Punjab National Bank တွင် ရူပီး Nostro Account ဖွင့်လှစ်၍ အိန္ဒိယနိုင်ငံ၏ Punjab National Bank မှ မိမိတို့ ပြည်တွင်းဘဏ်များတွင် မြန်မာကျပ်ငွေစာရင်းဖွင့်လှစ်ရန် ဆောင်ရွက်နေပါကြောင်း၊ အိန္ဒိယရူပီး၊ မြန်မာကျပ်၊ ရုရှားရူဘယ်ငွေကြေးသုံးမျိုးလုံး အသုံးပြုနိုင်ရန်အတွက် ရုရှားနိုင်ငံအခြေစိုက် Sberbank (အိန္ဒိယဘဏ်ခွဲ)နှင့်လည်း ဆောင်ရွက်နေပါကြောင်း ပြောကြားပြီး နှစ်နိုင်ငံ ငွေကြေးလဲလှယ်ရေး သဘောတူညီချက်(မူကြမ်း)နှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
