
၂၃. ၇.၂၀၂၅
Written by Thiri
မြေပိုင်၊ အိမ်ပိုင်ချင်တဲ့ အိပ်မက်နဲ့ တစ်စစ အလှမ်းဝေးသထက် ဝေးလာရတဲ့ အခြေခံလူတန်းစားပြည်သူတစ်ရပ်အတွက် လယ်ယာမြေပေါ် အကွက်ရိုက်ရောင်းတဲ့ အိမ်ခြံမြေကို စွန့်စားဝယ်ယူကြရင်း မြေယာပြဿနာ အမှုအခင်းတွေ ရင်ဆိုင်ရတဲ့ အပူ ထပ်မံဆင့်လာပါတယ်။ ဒီနေရာမှာ သိရှိရတဲ့ အချက်တစ်ခုက လယ်ယာမြေမှာ အိမ်ဆောက်လုပ်ပြီး လူနေထိုင်လို့မရဘူး။ လယ်မြေ မဝယ်သင့်ဘူးဆိုတာကို ဝယ်ယူနေထိုင်သူတွေကိုယ်တိုင် သိရှိနားလည်ထားတဲ့ အချက်ပါ။
လယ်မြေကို အခြားနည်းအသုံးပြုခွင့် လျှောက်ထားဆဲ ဆိုပြီး အစိုးရ တစ်ဆက်နဲ့ တစ်ဆက် အပြောင်းအလဲကြားမှာ ဥပဒေနားလည်သူ တချို့က ဥပဒေကို လက်တစ်လုံးခြားအသုံးချပြီး လယ်မြေပေါ် ခြံကွက်ရိုက်ရောင်းချတာမျိုး လွန်ခဲ့တဲ့ ဆယ်နှစ်ကျော် ဆယ့်ငါးနှစ်နီးပါးကတည်းက ပြည်တွင်းအိမ်ခြံမြေလောကမှာ ကျယ်ပြန့်လာပါတယ်။ ဥပဒေတတ်ကျွမ်းနားလည်သူတွေက လယ်ယာမြေ ဥပဒေအရ မဝယ်ယူသင့်တဲ့ မြေဖြစ်ကြောင်း ကျယ်ကျယ်ပြန့်ပြန့် အသိပေး ပြောဆိုပေမယ့်လည်း အောက်ခြေမှာတော့ မြေယာပြဿနာက လှိုက်စားပြီး တစစ ကြီးထွားလာနေပါတယ်။
ရန်ကုန်မြို့ ရွှေပေါက်ကံ (၁၆) ရပ်ကွက်နဲ့ ကပ်လျက် ရေကြီးကွင်း၊ ရေနက်ကွင်း ၅ ဒသမ ၄ ဧကကျယ်တဲ့ လယ်မြေထဲကနေ ပေ နှစ်ဆယ်၊ ပေခြောက်ဆယ် လယ်မြေ အကွက်ရိုက်ထားတဲ့ ခြံကွက်ကို ဝယ်ယူနေထိုင်သူ မဝေဝေ (အမည်လွှဲ)က လယ်ယာမြေကို ဝယ်ယူနေထိုင်ဖို့ မသင့်ဘူးဆိုတဲ့ ဥပဒေကို သူ့အနေနဲ့ တီးမိခေါက်မိ ရှိတယ်လို့ ဆိုပါတယ်။ စွန့်စားဝယ်ယူရတဲ့ အကြောင်းအရင်းကလည်း သူ့အနေနဲ့ သူလက်လှမ်းမီတဲ့ နေရာမှာ အိမ်ရာ ပိုင်ဆိုင်ချင်တာ၊ ဒီမြေပေါ်မှာ ဝယ်ယူထားသူတွေကလည်း ယုံကြည်တဲ့ ဌာနဆိုင်ရာကြီးတွေ ဘယ်သူ၊ ဘယ်ဝါ တွေပါကြောင်း၊ ဘုန်းတော်ကြီးကျောင်းလည်း ရှိနေသလို လမ်းတွေ၊ လမ်းမီးတိုင်တွေပါ ရရှိပြီးဖြစ်နေကြောင်း၊ ခိုင်မာ ခိုင်ခံ့တဲ့ မြေပေါ်က အဆောက်အဦတွေကိုလည်း သူကိုယ်တိုင် မြင်တဲ့အခါမှာတော့ လယ်သမားဆီက မြေကို ဝယ်ယူခဲ့ကြောင်း ပြောဆိုပါတယ်။ အခု လက်ရှိမှာတော့ သူဝယ်ယူထားတဲ့ မြေကို အစိုးရဆီ လေလံအောင်ထားပါတယ်ဆိုတဲ့ ပိုင်ရှင်က ဖယ်ခိုင်းနေပြီး နေထိုင်ခွင့်ရအောင်ဆောင်ရွက်ပေးမယ်လို့ အာမခံရောင်းတဲ့ မူလပိုင်ရှင် လယ်သမားနဲ့ လေလံအောင်ထားသူအကြား အမှုအခင်းကလည်းဖြစ်နေကာ အစိုးရထံကနေလည်း လယ်ယာမြေအခြားနည်း အသုံးချခွင့် ဥပဒေအရ ခိုင်မာတဲ့ အာမခံချက်တစ်စုံတစ်ရာလည်း လယ်သမားဆီမှာ ရှိမနေပြန်တာက မဝေဝေကို သူ့ပိုင်ဆိုင်မှုအတွက် ရတက်မအေးဖြစ်နေရစေတာပါ။

မဝေဝေက “ကျွန်မဝယ်တုန်းက စာချုပ် ချုပ်တာ ရှေ့နေပါပါတယ်။ လယ်သမားဆီက တိုက်ရိုက်တော့မဟုတ်ဘူး။ တစ်ဆင့်ဝယ်ထားသူဆီက ပြန်ဝယ်တာပါ။ လယ်သမားကလည်း အသိသက်သေ ပါပါတယ်။ နောင်ဖြစ်လာမယ့် ပြဿနာ၊ ဖျက်ရတာတွေ ဖြစ်လာရင် သူဖြေရှင်းပေးပါမယ်တဲ့။ သူတို့တောင် အိမ်သုံးထပ်ဆောက်ပြီး အဆောင်ဖွင့်ထားတယ်။ သူတို့ရှင်းပေးမယ် ပြောခဲ့ပေမယ့် အခု ဖြစ်လာတော့ ဘယ်သူ့ကို အားကိုးရမှန်းမသိဘူး ” လို့ သူမ အခက်အခဲကို MT News ကို ပြောပါတယ်။
အိမ်ခြံမြေ ဝယ်ယူရာမှာ ရှေ့နေရှေ့ရပ်နဲ့ စာချုပ် ချုပ်ဆိုဝယ်ယူတိုင်းလည်း ခိုင်မာတဲ့ဝယ်ယူမှု မဟုတ်ကြောင်း၊ ရှေ့နေဟာ စာချုပ်မှာ စကားလုံးချည်နှောင်ဖို့အတွက်ပဲ တာဝန်ယူလုပ်ဆောင်ပေးတာဖြစ်တယ်လို့ ငြင်းဆိုရှောင်ထွက်လို့ရကြောင်း ဝါရင့် အိမ်ခြံမြေအကျိုးဆောင် တစ်ဦးကလည်း သူ့ရဲ့ အတွေ့အကြုံကို ရှင်းပြပါတယ်။ လယ်ယာမြေဟာ လုံးဝစွန့်စားပြီးလည်း မဝယ်ယူသင့်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးနိုင်လင်းဇော်က “လယ်ယာမြေက စွန့်စားပြီးလည်း မဝယ်ယူသင့်ဘူး။ အခြားနည်းသုံးစွဲခွင့် မကျမခြင်း ဘာမှ လုပ်လို့မရဘူး။ လယ်မလုပ်တော့တဲ့ လုပ်မရတော့တဲ့မြေဆို ဥယျာဉ်ခြံမြေ အဖြစ်ပြောင်းတယ်။ ဒါလည်း ဥပဒေအရဆို လူနေလို့မရဘူး။ ဥပဒေအရ အဆင့်ဆင့် လုပ်ဆောင်ရတာ။ ဝယ်ယူလိုက်တဲ့သူတွေအတွက် အသက်ရှူပေါက်ကလည်း တစ်ခုပဲရှိတယ်။ ဥပဒေက ပြဌာန်းထားသလိုဆောင်ရွက်ဖို့ပဲ။ ဒါပေမယ့် နေနေကြတယ်။ နောက်ပိုင်းကြ ရပ်ကွက်လို ဖြစ်သွားပြီး အဖျက်မခံရတဲ့ သူကလည်း အဖျက်မခံရဘူးပေါ့။ တချို့နေရာတွေ ဟိုးလေးတကြော်ကြော်ဖြစ်လာတော့ ပြန်စစ်ဆေးကြည့်တဲ့အခါ လယ်ယာ ဥယျာဉ်ခြံမြေ ဖြစ်လာလို့ အစိုးရက ပြန်သိမ်းရင်နစ်နာတာပေါ့” လို့ ဆိုပါတယ်။
မြန်မာနိုင်ငံဟာ အာဆီယံနိုင်ငံတွေထဲ အင်ဒိုနီးရှား နိုင်ငံပြီးရင် ဒုတိယအကြီးဆုံးနဲ့ မြေယာပိုင်ဆိုင်မှု အများအပြားရှိတဲ့နိုင်ငံ ဖြစ်ပါတယ်။ ဒီလိုကျယ်ဝန်းတဲ့ နိုင်ငံရဲ့ ပြည်သူတွေဟာ မြေပိုင်အိမ်ပိုင်မရှိလို့ နေစရာအခက်အခဲကြုံရတယ်ဆိုတာ လက်တွေ့မကျကြောင်း လက်ဝဲဘက်ယိမ်းတဲ့ နိုင်ငံရေးသမားတချို့ကလည်း အခြေခံလူတန်းစားဘက်က ရပ်တည်ပြီး ထောက်ပြဝေဖန်ပါတယ်။ လယ်ယာမြေ ဥပဒေမှာတင်မဟုတ် ပြည်တွင်းဥပဒေ အတော်များများ ခေတ်စနစ်နဲ့ မလျော်ညီကြောင်း၊ မူဝါဒရေးဆွဲသူ ဥပဒေရေးဆွဲသူတွေကိုယ်တိုင် ပြည်သူနဲ့ နီးစပ်မှုမရှိရင် ပြည်သူတွေရဲ့လက်တွေ့ဘဝနဲ့ ဥပဒေတွေက ကွာဟချက်တွေ ရှိနေမှာဖြစ်ကြောင်းနဲ့ ပြဿနာကြီးတွေလည်း ဒီနေ့အထိရှိနေတာဖြစ်ကြောင်း စသဖြင့်လည်း အကြံပြု ပြောဆိုကြပါတယ်။
လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးဖြစ်သူ ဒေါက်တာ ညိုညိုသင်းက” ပြည်သူတွေရဲ့ နေထိုင်ရေးအတွက် အစိုးရအဆက်ဆက်က စီမံကိန်းရေးဆွဲပြီး လုပ်ဆောင်သင့်တယ်။ လုပ်လည်း လုပ်ဆောင်ခဲ့ကြပါတယ်။ စီမံကိန်းတွေ အကောင်အထည် ပေါ်သင့်သလောက်လည်း ပေါ်ခဲ့ပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ လိုအပ်ချက်က ကြီးမားနေဆဲပဲ။ အဓိက ရန်ကုန်မှာ အိမ်ရာလိုအပ်ချက် မြင့်လာရတာလည်း စစ်ဘေးရှောင်တွေ၊ တိုက်ပွဲရှောင်တွေ ရောက်လာကြတာလည်း ပါတာပေါ့။ တည်ဆဲ အစိုးရအနေနဲ့ အခုလက်ရှိဖြစ်နေတဲ့ မြေယာပြဿနာတွေမှာ ဥပဒေက မည်သို့ပင် ရှိစေကာမူ ဒီလိုကိစ္စတွေ ဖြေရှင်းဖို့ အထူးစီမံကိန်းတစ်ရပ် ချမှတ်ပြီး လိုအပ်တဲ့ ဥပဒေတွေ ပြဌာန်းရေးဆွဲသင့်တယ်လို့ “သူ့အမြင်ကို ပြောပါတယ်။
လက်ရှိ ရွှေပေါက်ကံမြို့သစ်ဖော်ဆောင်ရာက စီမံကိန်းအရ လယ်ယာမြေ အသိမ်းခံရပြီး စီမံကိန်းမှာ အသုံးမပြုတော့တဲ့ လယ်မြေပေါ် ပြန်လည်ရယူခွင့် လျှောက်ထားဆဲ ဓားမဦးချ လုပ်က်ိုင်ခဲ့တဲ့ လယ်သမားတွေရဲ့ လယ်မြေတွေပေါ်ဝယ်ယူ နေထိုင်မိသူတွေကလည်း အစိုးရအနေနဲ့ သူတို့ကို မြေယာပိုင်ဆိုင်မှုအတွက် စိတ်ချရတဲ့ အာမခံချက်တစ်ခုခု ပေးဖို့ အသနားခံတင်ပြတောင်းဆိုတာတွေလည်း ရှိနေပါတယ်။
မြို့ပြဖွံ့ဖြိုးရေးနဲ့ပတ်သက်လို့ ဆောင်ရွက်နေသူ အရပ်ဖက်ပညာရှင် ဒေါ်စုစုလှိုင်က “ပေါ်လစီက ပြောင်းလို့ရပေမယ့် ဥပဒေက ပြောင်းလို့မရဘူး။ ဒါကြောင့်မို့ ဥပဒေထဲမှာ ပြောင်းလို့မရတာကို သူကတော့ ပိုက်ဆံမရှိလို့၊ ချို့တဲ့နွမ်းပါးလို့ စသဖြင့်သွားလုပ်လည်း ဥပဒေနဲ့ ကျရင် ထိမှာပဲ” လို့ MT News က အခြေခံလူတန်းစားတစ်ရပ်ရဲ့ မြေယာပိုင်ဆိုင်နိုင်ရေးအတွက် စိတ်ကူးကြံဆပြီး တတ်နိုင်သလောက်ကြိုးစားရင်း ကြုံတွေ့နေရတဲ့ အခက်အခဲတချို့အပေါ်အမြင်ကို မေးမြန်းရာမှာ ပြန်လည်ရှင်းပြပါတယ်။
