
၂၃.၇.၂၀၂၅.
TRANSLATED BY HTWE KO TUN
ယူကရိန်းနိုင်ငံမှာ ပါလီမန်က အဂတိလိုက်စားမှုတိုက်ဖျက်ရေး အေဂျင်စီတွေကို တင်းကျပ်မှုတွေ ပြုလုပ်ခဲ့ပြီးတဲ့နောက်မှာတော့ ရာပေါင်းများစွာသော ဆန္ဒပြပြည်သူတွေက ကီးအက်ဗ်မြို့ အလယ်ရှိ အစိုးရအဖွဲ့ ရုံးအနီးမှာ ဇူလိုင်လ ၂၂ ရက် ညနေပိုင်းက ဆန္ဒပြမှုတွေလုပ်ခဲ့ကြတယ်လို့သိရပါတယ်။ ဒီလိုပဲ တခြားမြို့ ကြီးတွေမှာလည်းဆန္ဒပြမှုအသေးစားလေးတွေ တစ်ပြိုင်တည်း ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ယူကရိန်းအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးဆောင်ရွက်မှုမှာ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးအေဂျင်စီနှစ်ခုရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အုပ်ချုပ်မှုထိန်းချုပ်မှုကို ပြုလုပ်ပြီး တင်းကျပ်မှုတွေ ပြုလုပ်ခဲ့တာပါ။
ဒီလိုပြင်ဆင်မှုတွေကို ဇူလိုင်လ ၂၂ ရက်မှာအတည်ပြုခဲ့ပါတယ်။ ပြင်ဆင်မှုတွေအရ သမ္မတ က ခန့်အပ်ထားတဲ့ အထွေထွေ အစိုးရရှေ့နေကို အတည်ပြုခဲ့ပြီး ယူကရိန်းအမျိုးသား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဗျူရိုနဲ့ အကျင့်ပျက်ခြစားမှု အထူး တိုက်ဖျက်ရေး အစိုးရရှေ့နေရုံးတို့ကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်နိုင်ခဲ့တယ်လို့ လွှတ်တော်အမတ်တွေက ပြောကြားခဲ့ကြပါတယ်။
သမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက အဆိုပါပြင်ဆင်မှုတွေကို ဇူလိုင်လ ၂၂ ရက် ညပိုင်းမှာ အတည်ပြုခဲ့ပါတယ်။ သူ့ရဲ့ပါတီက ပါလီမန်မှာအမတ်နေရာအများစုရယူထားတာပါ။ ဒီအပြောင်းအလွဲ ပြင်ဆင်မှုတွေကြောင့် ရှေ့နေချုပ်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးအေဂျင်စီတွေဆီက အမှုတွေလွှဲပြောင်းရယူနိုင်မှာဖြစ်ပြီး ရှေ့နေတွေကိုလည်း ပြန်လည်ခန့်ထားနိုင်မှာပါ။

ဒီပြင်ဆင်မှုအတွက် ပါလီမန်မှာမဲခွဲဆုံးဖြတ်ခဲ့မှုကို အေဂျင်စီနှစ်ခုလုံးရဲ့အကြီးအကဲတွေနဲ့ ထိပ်တန်း ဥရောပသမဂ္ဂအရာရှိတစ်ဦးတို့ကပါ ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ ရုရှားနိုင်ငံနဲ့စစ်ပွဲနောက်ပိုင်း အကြီးမားဆုံးသော လူထုဆန္ဒပြမှုတွေကိုလည်း ဖြစ်စေခဲ့တာပါ။
အစုလိုက်အပြုံလိုက် လာဘ်စားမှုကို ချေမှုန်းသုတ်သင်ဖို့က ယူကရိန်းအစိုးရအတွက် ဥရောပသမဂ္ဂနဲ့ ပူးပေါင်းဖို့သာမက အနောက်နိုင်ငံတွေရဲ့ထောက်ပံ့ကူညီမှု ဘီလျံပေါင်းများစွာကို ရယူနိုင်ဖို့ လိုအပ်ချက် တစ်ခုဖြစ်ပါတယ်။ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးမှူးတွေက မကြာသေးမီလတွေက အဂတိလိုက်စားမှုစွပ်စွဲချက်တွေနဲ့ အစိုးရ အဆင့်မြင့်အရာရှိကြီးတွေကို အရှက်ရစေခဲ့တာပါ။
