၁၆. ၇. ၂၀၂၅
Written by Nyein Kyaw
ဥတ္တရသီရိမြို့နယ်အတွင်း သောက်သုံးရေဖူလုံစွာရရှိစေရေးအတွက် ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဥတ္တရသီရိ ရေလှောင်တမံ ပြုပြင်ခြင်းလုပ်ငန်းများကို အမြန်ဆုံးဆောင်ရွက်နေပြီး ပေါက်ပြဲပျက်စီးခဲ့သည့် ရေထုတ်ပြွန်အား ကွန်ကရစ်ဖြင့် အပြီးပိတ်ခြင်းများ ဆောင်ရွက်နေမှုများ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ယမန်နေ့က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ ရေလှောင်တမံတွင် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအနေဖြင့် အရန်ရေပိုလွှဲလမ်းကြောင်း ဖော်ထုတ်ခြင်း၊ တမံအတွင်း ရေဝင်လမ်းကြောင်းကို ချောင်းမကြီးဆည်ဘက်သို့ ပေ(၁၃၅၀) တူးဖော်ခြင်း၊ ပင်မရေပိုလွှဲတွင် ရေဝပ်နေရာကို ကွန်ကရစ်လောင်းခြင်း၊ ယာယီရေတားတမံနှင့် မူလတမံကြားရှိ ရေနှင့်သဲနုန်းများ စုပ်ထုတ်ရှင်းလင်းခြင်းနှင့် Tower အတွင်း ရေမဝင်အောင် Ring Bund ပတ်၍ လုပ်ငန်းများဆောင်ရွက်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ကွန်ကရစ် Tower အား ဖြိုဖျက်ခြင်းနှင့်သန့်ရှင်းရေးပြုလုပ်ခြင်း၊ ရေတံခါးဖြုတ်ခြင်း၊ ငလျင်ဒဏ်ကြောင့် ပေါက်ပြဲပျက်စီးခဲ့သည့် ရေထုတ်ပြွန်ကို ကွန်ကရစ်ဖြင့် အပြီးပိတ်ခြင်း၊ ရေလုံမြေဖြင့်ဖို့၍ ရေရှည်တမံ ကြံ့ခိုင်မှုရှိစေရန် တမံအရှေ့ဘက်မှ Banquette ဖို့ခြင်း၊ တမံအောက်ဘက် Downstream ဘက်ခြမ်း ထူးပေါက်နှင့် မြေကျွံကျမှုဖြစ်ပေါ်ခဲ့သော နေရာများမှ မြေသားများအား ဖယ်ရှားရှင်းလင်းပြီး တမံဖို့ရန် သတ်မှတ်ထားသည့် မြေအမျိုးအစားဖြင့် သတ်မှတ်ပုံစံအတိုင်း ပြန်လည်ကြိတ်ဖို့ခြင်း၊ ရေလွှဲမြောင်း Diversion Channel နေရာတွင် ၆ပေ x ၈ ပေ အရွယ် ရေတံခါးတစ်ခုကို ကွန်ကရစ်ဖြင့် တည်ဆောက်ခြင်း၊ ကွန်ကရစ်ပိုက်အတွင်း ကွန်ကရစ်လောင်းရန် Conduit ပိုက်အား အပေါက်ဖောက်ခြင်း၊ ပိတ်ဆို့ရမည့်နေရာ တပ်ဆင်နိုင်ရန် Socket ပြုလုပ်ခြင်းနှင့် ရေလွှဲကြောင်းအား ရေတံခါးတပ်ဆင်ရန်အတွက် ဒီဇိုင်းရေးဆွဲခြင်း လုပ်ငန်းများကို အမြန်ဆုံး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဥတ္တရသီရိရေလှောင်တမံသည် ရေဆင်းဧရိယာ ဧက ၁၅၀၀၊ တမံအမြင့်ပေ ၆၀၊ တမံအလျား ပေ ၁၁၂၀ ရှိ မြေသားတမံအမျိုးအစားဖြစ်ပြီး ဥတ္တသီရိမြို့နယ်အတွင်းရှိ ပြည်သူများ သောက်သုံးရေဖူလုံစွာ ပေးဝေနိုင်ရေးအတွက် ၂၀၀၈ -၂၀၀၉ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ရာ သက်တမ်းအားဖြင့် ၁၇ နှစ် ရှိပြီဖြစ်ကြောင်း သိရသည်။
ထို့နောက် SAC ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် အလုပ်သမားဝန်ကြီးဌာနသို့ ရောက်ရှိကြပြီး ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ရုံးအဆောက်အအုံနှင့် ရုံးပတ်လမ်း ပြန်လည်တည်ဆောက်ရန်အတွက် မြေသားစမ်းသပ်ခြင်း၊ ကွန်ကရစ်လမ်း နိမ့်ကျွံကွဲအက် ပျက်စီးခဲ့သောနေရာတွင် ၁၂ ပေအကျယ် မြေသားလမ်းခင်းခြင်း၊ သံကူကွန်ကရစ်နှင့် Bored Pile ကျောက်စီမြေကာနံရံ အသစ်တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုအား လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် RC မြေထိန်းနံရံများတည်ဆောက်ရန်အတွက် Bored Pile တူးဖော်နေမှု၊ ရုံးဝင်းအတွင်း Prefabricated Office (၄၀ ပေ x ၄၀ပေ) နှင့် (၄၀ ပေ x ၆၀ ပေ) များဖြင့် ယာယီရုံးခန်းများဖွင့်လှစ်၍ ရုံးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို SAC ဒုတိယဥက္ကဋ္ဌက ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။




