၁၆. ၇. ၂၀၂၅
Written by Nyein Kyaw
ဗဟိုဘဏ်မှ စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာ ၃၃ သန်း ထပ်မံရောင်းချပေးမည်ဖြစ်၍ ယခုဘဏ္ဍာနှစ် သုံးလခွဲအတွင်း စုစုပေါင်းဒေါ်လာသန်း ၄၀၀ အထိ ထုတ်ရောင်းပေးထားကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
ဗဟိုဘဏ်မှ စက်သုံးဆီလုပ်ငန်းရှင်များအတွက် နိုင်ငံခြားငွေများ ထုတ်ရောင်းပေးခဲ့ရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အစ ဧပြီလတွင် သုံးကြိမ်ထုတ်ရောင်းပေးခဲ့မှု စုစုပေါင်းဒေါ်လာ ၉၃ သန်း၊ မေလတွင် သုံးကြိမ်ထုတ်ရောင်းပေးမှု စုစုပေါင်းဒေါ်လာ ၈၆ သန်းနှင့် ထိုင်းဘတ်သန်း ၂၀၀ ထုတ်ရောင်းပေးခဲ့သည်။
ဇွန်လတွင်လည်း လေးကြိမ်ထုတ်ရောင်းပေးခဲ့ပြီး စုစုပေါင်းဒေါ်လာ ၁၂၅ သန်း၊ ယခုဇူလိုင်လတွင် သုံးကြိမ်ထုတ်ရောင်းပေးမှု စုစုပေါင်းဒေါ်လာ ၉၆ သန်းရှိ၍ ယခုဘဏ္ဍာနှစ် သုံးလအတွင်း စုစုပေါင်းဒေါ်လာသန်း ၄၀၀ နှင့် ထိုင်းဘတ်သန်း ၂၀၀ အထိ ထုတ်ရောင်းပေးထားခြင်းဖြစ်သည်။
ကမ္ဘာ့ရေနံဈေးနှုန်းမြင့်တက်မှုကြောင့် ဇွန်လနောက်ဆုံးအပတ်အတွင်း စက်သုံးဆီဈေးနှုန်းသည် အမျိုးအစားအပေါ်မူတည်၍ ဓာတ်ဆီဈေးနှုန်း တစ်လီတာ ကျပ် ၁၈၀ နှင့် ဒီဇယ်ဈေးနှုန်း တစ်လီတာ ကျပ် ၂၃၀ မှ ကျပ် ၂၈၀ အထိ ဆက်တိုက်မြင့်တက်လာခဲ့သည်။
သို့သော် နိုင်ငံခြားငွေများ ထပ်မံရောင်းချပေးခဲ့ပြီးနောက် ယခုဇူလိုင် ၆ ရက်မှစတင်၍ စက်သုံးဆီအမျိုးအစားအပေါ်မူတည်၍ တစ်လီတာ ကျပ် ၁၀၀ မှ ကျပ် ၁၃၀ ဝန်းကျင် ပြန်လည်ကျဆင်းခဲ့သည်။ ထို့ပြင် ယခုရက်ပိုင်းတွင် ဒီဇယ်ဈေးနှုန်း ပြောင်းလဲမှုမရှိသော်လည်း ဓာတ်ဆီဈေးနှုန်း တစ်လီတာ ကျပ် ၅၀ ကျော် ထပ်မံကျဆင်းလာခဲ့သည်။
ယနေ့တွင် ပြည်တွင်းစက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ ၉၂ တစ်လီတာ ၂၉၆၀ ကျပ်၊ ဓာတ်ဆီ ၉၅ တစ်လီတာ ၃၀၁၀ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ ၂၆၃၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာ ၃၂၆၅ ကျပ်ရှိကြောင်း ပြည်တွင်းစက်သုံးဆီအရောင်းဆိုင်များမှ သိရသည်။
