၁၆.၇.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ထရမ့်ပ်က ယူကရိန်းစစ်ပွဲကို ရက် ၅၀ အတွင်း ရပ်တန့်စေဖို့ သဘောတူညီချက်မရခဲ့ရင် ရုရှားနဲ့ စီးပွားဖက်ပြုလုပ်တဲ့နိုင်ငံတွေကို ကုန်သွယ်စည်းကြပ်ခွန် ၁၀၀ ရာခိုင်နှုန်းအထိ ကောက်ခံပြီး ပိတ်ဆို့မှုတွေပြုလုပ်မယ်လို့ ခြိမ်းခြောက်ခဲ့အပြီးမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံအနေနဲ့ ရုရှားနိုင်ငံအပေါ် ထောက်ခံမှု ပိုမိုမြှင့်တင်သွားမယ်လို့ ဇူလိုင်လ ၁၅ ရက်က ကတိပြု ပြောကြားသွားပါတယ်။
တရုတ်သမ္မတ ရှီကျင့်ဖိန်က ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဗ်ရောဗ်နဲ့ ပေကျင်းမြို့မှာ တွေ့ ဆုံခဲ့ရာမှာ ရှီက ရုရှားသမ္မတ ပူတင်နဲ့ မကြာခင်က ဆွေးနွေးပွဲတွေလုပ်ခဲ့ရာမှာ ရခဲ့တဲ့ အဓိကသဘောတူညီချက်တွေကို နှစ်နိုင်ငံစလုံးကအကောင်အထည်ဖော်သွားရမယ်လို့ ပြောခဲ့ပါတယ်။
ရှီက နိုင်ငံပေါင်းစုံပါဝင်တဲ့ အဖွဲ့အစည်းတွေမှာ နှစ်နိုင်ငံအကြား ပိုမိုခိုင်မာတဲ့ပေါင်းစည်းမှုရှိဖို့တောင်းဆိုခဲ့ပြီး အမေရိကန်လွှမ်းမိုးမှု ခံနေရတယ်လို့ သံသယရှိခံရတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေကိုလည်း ကမ္ဘာ့တောင်ခြမ်းနိုင်ငံတွေအဖြစ် သုံးသပ်ပြောကြားကာ အတူတကွပူးပေါင်းဆောင်ရွက်ရေးအတွက် စုစည်းကြဖို့ တိုက်တွန်းခဲ့ပါတယ်။
ရုရှားနဲ့ တရုတ်နိုင်ငံတို့ဟာလည်း သူတို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ လုံခြုံရေးဆိုင်ရာ အကျိုးစီးပွားတွေကို စောင့်ရှောက်ကာကွယ်ဖို့ အတူတကွ ပူးပေါင်းဆောင်ရွက်သင့်ပြီး ပိုမိုမျှတလို့ သာတူညီမျှရှိတဲ့ ဦးတည်ချက်နဲ့ နိုင်ငံတကာစည်းမျဥ်းစည်းကမ်းပြုပြင်ပြောင်းလဲရေးကို ပူးပေါင်းမြှင့်တင် ဆောင်ရွက်သွားသင့်တယ်လို့ ရှီက ပြောခဲ့တယ်ဆိုတာ ဆင်ဟွာသတင်းက ဖော်ပြခဲ့ပါတယ်။
ရက်ပေါင်း ၅၀ အတွင်း ယူကရိန်းစစ်ပွဲရပ်ဆိုင်းဖို့ ငြိမ်းချမ်းရေးသဘောတူညီချက်ကို ရုရှားနိုင်ငံက သဘောမတူခဲ့ရင် ရုရှားနဲ့ စီးပွားရေးလုပ်ကိုင်နေတဲ့ တရုတ်အပါအဝင် ဘယ်နိုင်ငံမဆို စည်းကြပ်ခွန်တွေ တင်းတင်းကျပ်ကျပ် သတ်မှတ်မယ်လို့ ထရမ့်ပ်က ဇူလိုင်လ ၁၄ ရက်မှာ ခြိမ်းခြောက်ပြောကြားခဲ့ပြီးတဲ့နောက် တစ်ရက်အကြာမှာ ရှီရဲ့ အဆိုပါမှတ်ချက် ထွက်ပေါ်လာခဲ့တာပါ။
တရုတ်အစိုးရအနေနဲ့ ရုရှားရဲ့ ယူကရိန်းနိုင်ငံကို ဝင်ရောက်တိုက်ခိုက်မှုအပေါ် လူသိရှင်ကြားထောက်ခံမှုတော့ မလုပ်ခဲ့ပါဘူး။ ဒါပေမယ့် တရုတ်အစိုးရက ရုရှားအစိုးရကို သံတမန်ရေးအရ ကာကွယ်ပေးမှုနဲ့ ကုန်သွယ်ရေးနဲ့ စွမ်းအင်ဆိုင်ရာ သဘောတူညီချက်တွေ တိုးမြှင့်ပေးပြီး အရေးကြီးတဲ့ စီးပွားရေး အသက်သွေးကြောကို တိုးမြှင့်ကူညီမှုတွေလုပ်ခဲ့ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ရိက ဥရောပသမဂ္ဂနိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ကာဂျာကယ်လာ့စ်နဲ့ ဇူလိုင်လအစောပိုင်းက တွေ့ခဲ့တုံးကလည်း တရုတ်အနေနဲ့ ရုရှားစစ်ရှုံးတာကို မမြင်လိုဘူးလို့ ပြောကြားခဲ့ပါသေးတယ်။ ဒီလိုဖြစ်လာခဲ့ရင်အမေရိကန်အနေနဲ့ သူ့ရဲ့ဗျူဟာမြောက်အလေးထားရမှုကို တရုတ်နိုင်ငံကို တန်ပြန်ဆန့်ကျင်ဖို့ လုံးလုံးလျားလျားပြောင်းလဲလာနိုင်လို့ပဲလို့ South China Morning Post သတင်းစာက ဖော်ပြခဲ့ပါသေးတယ်။
တရုတ်သမ္မတ ရှီကျင့်ဖိန်ဟာ မေလအတွင်းက မော်စကိုမြို့ကို သွားရောက်လည်ပတ်ခဲ့တုံးကလည်း ပူးတွဲကြေညာချက်ထုတ်ခဲ့တဲ့ခေါင်းဆောင်တွေနဲ့အတူ ရှီက ရုရှားသမ္မတ ပူတင်ရဲ့ ယူကရိန်းအပေါ် ရပ်တည်ချက်ကို လူသိရှင်ကြားထောက်ခံခဲ့ပါတယ်။ ခေါင်းဆောင်တွေက ယူကရိန်း ပဋိပက္ခကို ဖြစ်စေခဲ့တဲ့ ဖုံးကွယ်ထားတဲ့ အရင်းခံအကြောင်းတရားတွေဖြစ်တဲ့ နေတိုးအုပ်စုရဲ့နယ်မြေ ချဲ့ထွင်မှုနဲ့ အနောက်အုပ်စုရဲ့ လွှမ်းမိုးမှုတို့ကို ဖြေရှင်းခြင်းဖြင့်သာ အဆုံးသတ်နိုင်မယ်လို့ ပူးတွဲကြေညာခဲ့ကြပါတယ်။
ရှီနဲ့ ပူတင်တို့က အမေရိကန်ရဲ့ ဗိုလ်ကျစိုးမိုးမှုကို ပြတ်ပြတ်သားသား ဆန့်ကျင်ဖို့ ညှိနှိုင်းဆောင်ရွက်မှုကို မြှင့်တင်သွားမယ်လို့ ကတိပြုခဲ့ကြပြီး သူတို့ကိုယ်သူတို့လည်း နိုင်ငံအားလုံးပါဝင်နိုင်မယ့် ပုံစံသစ်၊ ဘက်စုံကမ္ဘာအစီအစဉ်ရဲ့ ဗိသုကာပညာရှင်တွေအနေနဲ့ တင်ပြခဲ့ကြပါတယ်။
Ref- Moscow Times
