မလေးရှားဝန်ကြီးချုပ်ဟောင်းနှစ်ဦးဖြစ်သည့် မဟာသီယာမိုဟာမက်(ယာ)နှင့် မူဟစ်ဒင် ရတ်ဆင်(ဝဲ) တို့အားတွေ့ရစဉ်

MT News

Translated by Htwe Ko Tun

အသက် ၄၇ နှစ်ရှိ မလေးရှားနိုင်ငံသားတစ်ဦးက မလေးရှားဝန်ကြီးချုပ်ဟောင်းနှစ်ဦးဖြစ်သည့် မဟာသီယာမိုဟာမက်နှင့် မူဟစ်ဒင် ရတ်ဆင် တို့အား ဝန်ကြီးချုပ်တာဝန်လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုမှုနှင့် ကွာလာလမ်ပူ-စင်ကာပူ မြန်နှုန်းမြင့်ရထားလမ်းစီမံကိန်းအား ပေါ့ဆစွာဖျက်သိမ်းခဲ့မှုတို့အတွက် တရားရုံး၌ အမှုဖွင့် တရားစွဲခဲ့ကြောင်း သိရသည်။

တရားစွဲခဲ့သော မို့ဟတ်တာ ဆာနူရီက ဝန်ကြီးချုပ်ရုံးဝန်ကြီး(စီးပွားရေးဆိုင်ရာ)ဟောင်း မတ်စတာဖာ မိုဟာမက်၊ သယ်ယူပို့ဆောင်ရေးဝန်ကြီးဟောင်း ဝီကာဆီယွန်နှင့် အစိုးရအဖွဲ့ တို့ကိုလည်း အခြားတရားခံသုံးဦးအဖြစ် အမည်တပ်အမှုဖွင့်ခဲ့သည်။

တရားလိုလျှောက်လဲချက်တွင် မို့ဟတ်တာ ဆာနူရီက ဒေါက်တာမဟာသီယာအနေဖြင့် ဝန်ကြီးချုပ်တာဝန်ယူခဲ့စဉ် မြန်နှုန်းမြင့်ရထားလမ်းစီမံကိန်းအား ရွှေ့ဆိုင်းရန်ဆုံးဖြတ်ခြင်းဖြင့် အများပြည်သူထိခိုက်စေသည့်မှားယွင်းမှုကိုပြုလုပ်ခဲ့ကြောင်း၊ ထိုဆုံးဖြတ်ချက်ကြောင့် မလေးရှားအစိုးရနှင့်ပြည်သူများက စင်ကာပူအစိုးရနှင့်ပြည်သူများအား ရင်းဂစ် ၄၆ သန်း(စင်ကာပူဒေါ်လာ ၁၄ ဒသမ ၂ သန်း) လျော်ကြေးပေးခဲ့ရကြောင်း ဖော်ပြပြောကြားခဲ့သည်။

ထို့ပြင် မို့ဟတ်တာ ဆာနူရီက ဝန်ကြီးချုပ်ဟောင်း မူဟစ်ဒင် ရတ်ဆင်သည်လည်း ဝန်ကြီးချုပ်ဖြစ်နေစဉ် ထိုစီမံကိန်းအား လုံးဝရပ်ဆိုင်းခဲ့ခြင်းဖြင့် အများပြည်သူထိခိုက်စေသည့် မှားယွင်းမှုကိုပြုလုပ်ခဲ့ကြောင်း၊ ထိုသို့စီမံကိန်းအား ရပ်ဆိုင်းရန် ဆုံးဖြတ်မှုကြောင့် မလေးရှားအစိုးရနှင့်ပြည်သူများက စင်ကာပူအစိုးရနှင့်ပြည်သူများအား ရင်းဂစ် ၃၂၀ ဒသမ ၃ သန်းအားနှစ်နိုင်ငံအကျိုးတူသဘောတူညီချက်ကို ဖျက်သိမ်းခြင်းအတွက် လျော်ကြေးအနေနှင့်ပေးခဲ့ရကြောင်း လျှောက်လဲပြောကြားခဲ့သည်။

မို့ဟတ်တာက မတ်စတာဖါ မိုဟာမက်အား စီမံကိန်းအတွက် တာဝန်ယူစီမံခန့်ခွဲရာတွင် စီမံကိန်းအားအလေးမထားချောင်ထိုးထားခဲ့ခြင်းအတွက်လည်းကောင်း၊ ဝီကာဆီယွန်အား မလေးရှားနိုင်ငံသားများအတွက် ပထမတန်းစားသယ်ယူပို့ဆောင်ရေးစနစ်ကိုရရှိရန် အခွင့်အရေးကိုငြင်းပယ်ခဲ့ခြင်းဖြင့် အများပြည်သူထိခိုက်စေသည့်မှားယွင်းမှုကိုပြုလုပ်ခဲ့ခြင်းတို့အတွက် တရားစွဲလျှောက်ထားခြင်းဖြစ်ကြောင်း သိရသည်။

မို့ဟတ်တာက မြန်နှုန်းမြင့်ရထားလမ်းစီမံကိန်းအား ထိုသို့တရားမဝင်ပျက်ပြားစေခဲ့သည့်အတွက် ၎င်းနှင့်မလေးရှားနိုင်ငံသားများအား တရားစွဲခံထားရသည့်တရားခံများက ရင်းဂစ်တစ်သန်း နစ်နာကြေးပေးဆောင်ရန်တရားရုံးက ကြေညာပေးရေး ကြိုးစားလျက်ရှိသည်။

နှစ်နိုင်ငံအကြား ၃၅၀ ကီလိုမီတာရှည်သည့် အဆိုပါ မြန်နှုန်းမြင့်ရထားလမ်းစီမံကိန်းအား မလေးရှားဘက်က တင်ပြသောပြောင်းလဲချက်များဖြင့် သဘောတူညီမှုမရနိုင်ခဲ့၍ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်တွင် ရပ်ဆိုင်းခဲ့ကြခြင်းဖြစ်သည်။

Ref—-CNA

Leave a Reply

Your email address will not be published. Required fields are marked *