March 28, 2024

၃၁. ၁. ၂၀၂၃
Writing By Myo Khine

အရေးပေါ်ကာလအတွက် တစ်နှစ်သက်တမ်းနှင့် ခြောက်လနှစ်ကြိမ်သက်တမ်းတိုးပြီးသော်လည်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မများအရပင် နစက အနေဖြင့် ထပ်မံသက်တမ်းတိုးရန် အလားအလာရှိနေသည်ဟု နိုင်ငံရေးလေ့လာသူများက သုံးသပ်နေကြသည်။

ယနေ့ ဇန်နဝါရီ ၃၁ ရက်တွင်ပြုလုပ်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေးအတွင်း နစကဥက္ကဋ္ဌက မြန်မာ့နိုင်ငံရေးအခြေအနေအပေါ် အစီရင်ခံခဲ့ပြီး ကာလုံတွင် ပါဝင်သူများက NUG, PDF များ၏ လုပ်ကြံတိုက်ခိုက်သတ်ဖြတ်နေမှုများကြောင့် မြန်မာနိုင်ငံ၏လက်ရှိအခြေအနေမှာ သာမန်မဟုတ်သောအခြေအနေတွင် ရှိနေဆဲဖြစ်သည်ဟု ဆွေးနွေးကာ သတင်းထုတ်ပြန်ခဲ့သည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၁ (ခ) တွင် “တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ၎င်းအားပေးအပ်ထားသည့်တာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်ခြင်းမပြုနိုင်သေးသဖြင့် သတ်မှတ်အချိန်ကာလ တိုးမြှင့်ပေးရန် အကျိုးအကြောင်း ဖော်ပြလျက် တင်ပြလာပါက အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် ညှိနှိုင်းပြီး သာမန်အားဖြင့် တစ်ကြိမ်လျှင် ခြောက်လအထိ နှစ်ကြိမ်တိုးမြှင့်ပေးနိုင်သည်။ ယင်းသို့ တိုးမြှင့်ပေးသည့်ကိစ္စကို ပြည်ထောင်စုလွှတ်တော် အရေးပေါ် အစည်းအဝေး ခေါ်ယူစေ၍ အစီရင်ခံ တင်ပြရမည်” ဟူ၍လည်းကောင်း ပုဒ်မ ၄၂၅ တွင်” အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် ပြည်ထောင်စုလွှတ်တော် သက်တမ်းကုန်ဆုံးသွားချိန်တွင် တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်က ၎င်းအားပေးအပ်ထားသည့်တာဝန်ကို ပြီးမြောက်အောင်ဆောင်ရွက်ခြင်းမပြုနိုင်သေးသဖြင့် သတ်မှတ်အချိန် ကာလ တိုးမြှင့်ပေးရန် အကျိုးအကြောင်းဖော်ပြလျက် တင်ပြလာပါက “သာမန်အားဖြင့်” တစ်ကြိမ်လျှင် ခြောက်လအထိ နှစ်ကြိမ်တိုးမြှင့်ပေးနိုင်သည်”ဟု ပြဌာန်းထားသည်။

ထိုပြဌာန်းချက်နှစ်ခုနှင့် အာဏာသုံးရပ်ကို ရယူသုံးစွဲခွင့်ရှိသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တာဝန်များကြောင့်ပင် “သာမန်အားဖြင့်” စကားလုံးကို အထူးပြုကာ နစကအနေဖြင့် သက်တမ်းထပ်မံတိုးဖွယ်ရှိနေသည်ဟု နိုင်ငံရေးလေ့လာသူများက သုံးသပ်သည်။

“ကျွန်တော်ထင်တာ နောက်ထပ် ၆ လ နှစ်ကြိမ် သက်တမ်းတိုးမယ်နဲ့တူတယ်။ အခြေခံဥပဒေအရကတော့ ပုဒ်မ ၄၂၅ အရ “သာမန်အားဖြင့်” ဆိုတာကို အဓိပ္ပါယ်ဖွင့်တာပေါ့။ သာမန်အားဖြင့် ၆ လ၊ ၆ လ နှစ်ကြိမ်တိုးနိုင်သည်ဆိုတော့ အခုက သာမန်မဟုတ်တဲ့အတွက် အခြေအနေမျိုးဆိုပြီးတော့ ယူတာပေါ့။ ပုဒ်မ ၄၂၅ ကိုလည်း ကိုယ်စားပြုတယ်။ ထပ်တိုးဖို့ဆိုတဲ့အခါကျတော့အစောပိုင်းက တွက်တော့တွက်တယ်။ ဘာလို့လဲဆိုတော့ ကာလုံထဲမှာ ဒုသမ္မတတို့၊ လွှတ်တော်ဥက္ကဋ္ဌတို့ အကုန်လုံးပေါ့လေ။ ကာကွယ်ရေးဦးစီးချုပ်ကလွဲလို့ ကျန်တဲ့သူတွေ။ သက်တမ်းတိုးမှသာလျှင် သူတို့က ဒီရာထူးက ၆ လ ဖြစ်စေ ၊ တစ်နှစ်ဖြစ်စေ မြဲမှာ။တကယ်လို့ သက်တမ်းမတိုးဘဲ ရွေးကောက်ပွဲလုပ်ရင် ဒုသမ္မတတို့၊ လွှတ်တော်ဥက္ကဋ္ဌတို့အပါအဝင်လူကြီးတွေက ပြုတ်ကုန်မှာပဲလေ။ နောက်အစိုးရတက်လာရင် လူသစ်တွေဖြစ်ကုန်မှာ။ အဲဒီတော့ သူတို့က ဝိုင်းပြီးစဉ်းစားကြမယ်ဆိုရင် သက်တမ်းတိုးမယ့်ဟာကို တိမ်းညွတ်ကြမှာပေါ့။ ဆက်လက်ပြီး၆လ ၆ လ တိုးပြီးမှ ရွေးကောက်ပွဲကို စဉ်းစားမှာပေါ့”ဟုနိုင်ငံရေးလေ့လာသူ ပထမအကြိမ် လွှတ်တော်အမတ်ဦးရဲထွန်း(သီပေါ)က MT News ကိုပြောသည်။

နစကအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းပြီး အဖက်ဖက်မှ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပေးလျက်ရှိသော်လည်း နိုင်ငံတော်ကို အလုံးစုံ ပျက်သုဉ်းစေလိုသည့် CRPH NUG နှင့် ၎င်းတို့၏ လက်ဝေခံ PDF များအနေဖြင့် အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ခြင်း၊ အများပြည်သူဆိုင်ရာနေရာများကို အကြမ်းဖက်ဗုံးခွဲတိုက်ခိုက်ခြင်း၊ ပြည်သူများကို လက်နက်ကိုင် ခြိမ်းခြောက်အကြပ်ကိုင်ခြင်းတို့ကို ဆက်လက်လုပ် ဆောင်လျက်ရှိပြီး နိုင်ငံတော်အာဏာကို ဆူပူသောင်းကျန်းမှု အကြမ်းဖက်မှုနည်းလမ်းများဖြင့် ရယူရန် ကြိုးပမ်းလုပ်ဆောင်လျက်ရှိသည့် သာမန်မဟုတ်သောအခြေအနေတွင် ရှိနေဆဲဖြစ်သည့် အခြေအနေများနှင့်ပတ်သက်၍ ကာလုံတွင် ဆွေးနွေးခဲ့ကြကြောင်းနှင့် လိုအပ်သည့် ထုတ်ပြန်ကြေညာချက်ကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် အမျိုးသား ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်းလည်း ကာလုံအစည်းအဝေးအပြီး ထုတ်ပြန်သည့် နစက၏ သတင်းတွင် ဖော်ပြထားသည်။

“တိုင်းပြည်မှာ ဖြစ်ပျက်ခဲ့တဲ့ သံဃာ၊ သီလရှင်ဘယ်နှစ်ပါး၊ ဆရာဘယ်နှစ်ယောက်၊ ဆရာမဘယ်နှစ်ယောက်၊ လူကြီးဘယ်နှစ်ယောက်၊ အရပ်သားဘယ်နှစ်ယောက်၊ ကလေးဘယ်နှစ်ယောက် စသည်ဖြင့်ပေါ့။ အဆောက်အဦတွေ ဒါတွေ ဒါတွေ၊ တာဝါတိုင်ကြီးတွေ ဒါတွေ ဒါတွေ ဖျက်ဆီးတယ်။ ဒါကြောင့်မို့ အခုလိုမျိုးအခြေအနေကြီးသည် သာမန်အခြေအနေမဟုတ်ပါဘူးလို့ အစည်းအဝေးမှာ အားလုံး တစ်ညီတညွတ်တည်းသော်လည်းကောင်း၊ အများစုကသော်လည်းကောင်း လက်ခံတယ်။ ဆုံးဖြတ်တယ်ဆိုလို့ရှိရင် ဒါတွေကို တည်ငြိမ်နိုင်ဖို့အတွက် နစက ဒီတစ်ခါတော့ ဘယ်လိုပုံစံနဲ့ထိန်းပါ။ ဒီလိုပုံစံနဲ့ထိန်းပါ။ ဟိုလိုပုံစံနဲ့ထိန်းပါ ဆိုတာမျိုးနဲ့ တိုးမယ်ဆိုရင်လည်း ၆ လတိုးလို့ရတယ်”ဟု အမည်မဖော်လိုသော နိုင်ငံရေး သမားတစ်ဦးက Mt News ကို ပြောသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှ ၂၀၂၂ ခုနှစ် နှစ်မကုန်မီကာလအတွင်း NUG အနေဖြင့် နစက၏ လုံခြုံရေးတပ်ဖွဲ့ဝင် ၂၅၀၀၀ ကျော်ကို သတ်ဖြတ်ထားသည်ဟု NUG ယာယီသမ္မတဒူဝါလရှီးလက ပြောကြားထားပြီး ထိုအထဲမှ ၄၅၄၃ ဦးမှာ သံဃာများ၊ သီလရှင်များ၊ ထွေအုပ်နှင့် ရပ်ကျေးများ၊ နိုင်ငံဝန်ထမ်းများ၊ ဆရာ ဆရာမများ၊ ကလေးငယ်များဖြစ်ကြောင်းလည်း နစက,က ထုတ်ပြန်ထားသည်။ ထို့အပြင် လဝကရုံးများ၊ လျှပ်စစ်ရုံးများ၊ တာဝါတိုင်များ၊ စာသင်ကျောင်းများ၊ ရွေးကောက်ပွဲကော်မရှင်ရုံးများ၊ လမ်းများ၊ တံတားများ၊ ရထားလမ်းများစသည့် နိုင်ငံပိုင်အဆောက်အဦထောင်ပေါင်းများစွာကိုလည်း NUG, PDF နှင့် EAOs များက တိုက်ခိုက်ဖျက်ဆီးထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *