April 27, 2024

၁. ၂. ၂၀၂၃

Written by Nay Aung

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားဒေသ တရားရုံးသည် မြန်မာနိုင်ငံသား ၈ ဦးဆိုသူကို ၂၀၂၁ ခုနှစ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း တရားမဝင် မူးယစ်ဆေးဝါးမှောင်ခိုတင်သွင်းရန် ကြိုးပမ်းမှုဖြင့် အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး ဇန်နဝါရီ ၃၀ တွင် ထောင်ဒဏ် တစ်သက် တစ်ကျွန်းပြစ်ဒဏ်ပေးခဲ့ကြောင်း သိရသည်။

ထိုရှစ်ဦးမှာ ဘင်္ဂါလီလူမျိုးများဖြစ်ဖွယ်ရှိပြီး ထောင်တစ်သက်တစ်ကျွန်း ကျခံရသူများမှာ မိုဟာမက်ဒွေလာ၊ ရော်ဘီအလမ်၊ မိုဟာမက်အလမ်၊ အမ်ဒီရှဖီးကူးရ်၊ အမ်ဒီရဖစ်၊ အမ်ဒီနူရီအလမ်၊ အလီအာမက်နှင့် နူရူအမင် ဆိုသူများဖြစ်ကြောင်းနှင့် ယင်းတို့အားလုံးမှာ မြန်မာနိုင်ငံသားများဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်သတင်းများတွင် ဖော်ပြခဲ့သည်။

ထို့ပြင် ကော့ဘဇားတရားရုံးသည် ၎င်းတို့ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသုံးငွေကြေး တာကာ ၁ သိန်း ဒဏ်ငွေပေးဆောင်ရန် အမိန့်ထပ်မံချမှတ်ခဲ့ပြီး ငွေဒဏ်ဆောင်ရန် ပျက်ကွက်ခဲ့ပါက နောက်ထပ်ထောင်ဒဏ် ၁ နှစ်ကျော် ပြစ်ဒဏ်ကျခံရမည်ဖြစ်ကြောင်း သိရသည်။

ကော့ဘဇားဒေသ တရားရုံး တရားသူကြီး နစ်ဟတ် ဆူလ်တာနာ ဆိုသူသည် မြန်မာနိုင်ငံသားများကို မူးယစ်ဆေးဝါးမှောင်ခိုတင်သွင်းရန် ကြိုးပမ်းမှုဖြင့် ထိုကဲ့သို့ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်သတင်းများတွင် ဖော်ပြထားသည်။

ကော့ဘဇားဒေသ အစိုးရရှေ့နေဖြစ်သူ ဖာရီဒူလ် အလမ်ကလည်း မြန်မာနိုင်ငံသား ၈ ဦးကို ထောင်ဒဏ် တစ်သက်တစ်ကျွန်းအပြင်ငွေဒဏ်ချမှတ်ခြင်းနှင့်ပတ်သက်သောသတင်းကို အတည်ပြုပေးထားကြောင်းသိရသည်။

ဘင်္ဂလားဒေရှ့်ကမ်းခြေစောင့်တပ်ဖွဲ့သည် ၂၀၂၁ ခုနှစ်က ဘင်္ဂလားဒေရှ့်နိုင်ငံအတွင်းသို့ ရာဘ စိတ်ကြွဆေးပြား ၂ သိန်းကျော် မှောင်ခိုတင်ပို့ရန် ကြိုးပမ်းခဲ့သော မြန်မာနိုင်ငံသားအုပ်စုကို ဖမ်းဆီးခဲ့ကြောင်း အစိုးရရှေ့နေဖြစ်သူ ဖာရီဒူလ်အလမ်ကပြောသည်။

ကမ်းခြေစောင့်တပ်ဖွဲ့သည် ဖမ်းဆီးရမိသော မြန်မာနိုင်ငံသားများကို ဘင်္ဂလားဒေ့ရှ့် တက်နက်ဖ် ရဲစခန်းထံ လွှဲပြောင်းပေးခဲ့ပြီး စုံစမ်းစစ်ဆေးခဲ့ကာ တရားစွဲဆိုမှုများ လုပ်ဆောင်ခဲ့ကြောင်း၊ ဘင်္ဂလားဒေရှ့် အစိုးရရှေ့နေဖြစ်သူကပြောသည်။

ref- risingbd

Leave a Reply

Your email address will not be published. Required fields are marked *

Related News