April 18, 2024

MSME လုပ်ငန်းများတိုးတက်ရေး ရင်းနှီးမတည်ငွေပေးရန် အစိုးရတာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်မှုမြင်ကွင်း

၃၁. ၁. ၂၀၂၃
Written by Ye Kyaw

မြန်မာနိုင်ငံ၏ လက်ရှိငွေကြေးမူဝါဒများက စည်းကမ်း သတ်မှတ်ချက်များကို ကျော်လွှားကာ ဆောင်ရွက်နေရသည့်အတွက် မက်ခရိုစီးပွားရေးကို ထိခိုက်စေပြီး ထိုနည်းလမ်းများဖြင့် ဆက်ဖြေရှင်းနေမည်ဆိုပါက စီးပွားရေးတိုးတက်မှုကို နှောင့်နှေးစေမည်သာဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ဇန်နဝါရီ ၃၀ ရက်တွင် ထုတ်ပြန်ထားသည့် Myanmar Economic Monitor တွင် ဖော်ပြထားသည်။

၂၀၂၂ ခုနှစ် ဇူလိုင်လက ထုတ်ပြန်ခဲ့သည့် MEM အစီရင်ခံစာတွင် ထောက်ပြခဲ့သော နိုင်ငံခြားငွေကို မဖြစ်မနေ မြန်မာငွေဖြင့် လဲလှယ်ရခြင်း အပါအဝင် များစွာသော “ပြုပြင်ပြောင်းလဲမှုကို နောက်ကြောင်းပြန်စေသည့်အချက်” များအား တစ်စိတ်တစ်ပိုင်း ဖြေလျော့ပေးခဲ့သည်။

ယင်းကဲ့သို့ ဆောင်ရွက်မှုများ ပြုလုပ်နေသည့်တစ်ချိန်တည်း၌ပင် ဥပဒေ၊ စည်းမျဥ်းစည်းကမ်း အပြောင်းအလဲများ (အများစုကို အများပြည်သူသိအောင် ထုတ်ပြန်ခြင်း မပြုခဲ့) ပြုလုပ်သည့် အကြိမ်ရေ ပိုမိုများလာခဲ့ကြောင်း ထိုမျှသာမက အဆိုပါအပြောင်းအလဲများသည် နိုင်ငံခြားငွေလဲလှယ်ခြင်းနှင့် သွင်းကုန်ကဏ္ဍများ၌ မသေချာ မရေရာမှုများ မြင့်တက်လာစေပြီး ငွေပေးချေမှုစနစ်အပေါ် ယုံကြည်မှုကျဆင်းလာစေခြင်းနှင့် Custom Clearance လုပ်ငန်းစဥ်များ ကြန့်ကြာစေခြင်းတို့ကို ဖြစ်စေခဲ့သည်။

ထို့ကြောင့် မြန်မာနိုင်ငံအတွင်းရှိ အချို့သော စီးပွားရေးလုပ်ငန်းများတွင်မူ အထူးခံစားခွင့် ရရှိခြင်းသော်လည်းကောာင်း၊ တရားမဝင် လမ်းကြောင်းများဖြင့် ငွေပေးချေမှုများနှင့် ကုန်သွယ်မှုလမ်းကြောင်းများကို အသုံးပြုခြင်းများ ပြုလုပ်၍ မရေရာသော မူဝါဒအခင်းအကျင်းတွင် စည်းမျဥ်းကန့်သတ်ချက်များကို ကျော်လွှားကာ လုပ်ငန်းများ လည်ပတ်နေကြရခြင်းဖြစ်သည်။ ယင်းကဲ့သို့ ဆောင်ရွက်နေရခြင်းသည် မက်ခရိုစီးပွားရေးကို ထိခိုက်စေပြီး ဤနည်းလမ်းများဖြင့်သာ ဆက်လက်ဖြေရှင်းနေပါက စီးပွားရေးတိုးတက်မှု နှောင့်နှေးနေမည်သာဖြစ်ကြောင်း ဖော်ပြထားသည်။

အခြားသော စီးပွားရေးလုပ်ငန်းများစွာသည် နိုင်ငံခြားငွေကြေး ဝယ်ယူရန် (သို့မဟုတ်) ထုတ်ယူရန်၊ ပြည်ပငွေပေးချေမှုများ ပြုလုပ်ရန် သွင်းကုန်လိုင်စင် ရရှိရန် အခက်အခဲများရှိနေရုံသာမက၊ နည်းပါးလှသည့် ပြည်တွင်းဝယ်လိုအားနှင့် မြင့်တက်လာနေသည့် သွင်းအားစု စရိတ်များအကြား အကျိုးအမြတ် ဖြစ်ထွန်းနိုင်ရန် ကြီးမားစွာရုန်းကန်နေကြရသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ ပဋိပက္ခများကြောင့် မရေမရာဖြစ်နေသော်လည်း ယခု ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် မြန်မာစီးပွားရေးတိုးတက်မှုနှုန်း သုံးရာခိုင်နှုန်းအထိ တိုးတက်လာဖွယ်ရှိကြောင်း ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *