April 20, 2024

၃၁. ၁. ၂၀၂၃
Translated by Htwe Ko Tun

ပါကစ္စတန်နိုင်ငံအနောက်မြောက်ပိုင်း၊ ပက်ရှဝါမြို့ရှိ ဗလီတစ်ခုအတွင်း ပြင်းထန်သောဗုံးပေါက်ကွဲမှုတစ်ရပ် ဇန်နဝါရီ ၃၀ ရက်၊ မွန်းလွဲပိုင်း ၁ နာရီခွဲတွင် ဖြစ်ပွားခဲ့ရာ ထိုနေ့ညပိုင်းအထိ အနည်းဆုံး လူ ၆၁ ဦးသေဆုံးပြီး ၁၅၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း ပက်ရှဝါမြို့ရဲတပ်ဖွဲ့မှ ရဲချုပ် မိုဟာမက် အီဂျတ်ဇ်ခန်းက ပြောကြားခဲ့သည်။

အဆိုပါဗလီသည် ရဲတပ်ဖွဲ့ဝင်းတစ်ခုအတွင်း တည်ရှိကာ ဥပဒေစိုးမိုးမှုထိန်းသိမ်းရေးတာဝန်ရှိသူအများစုလည်း တက်ရောက်ကြသည်။ ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်းတာဝန်ရှိသူများက ပြောကြားခဲ့သည်။

ပါကစ္စတန်ဝန်ကြီးချုပ် ရှီဘက်ဇ် ရှရစ်က အဆိုပါဗုံးကွဲမှုမှာ အသေခံအကြမ်းဖက်မှုဖြစ်နိုင်ဖွယ်ရာရှိကြောင်း ပြောခဲ့သည်။ ၎င်းက ကြေညာချက်တစ်ရပ်ထုတ်ပြန်ခဲ့ရာတွင် အစ္စလာမ်ဘာသာဝင်တို့အား ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်ကြောင်း ပြောခဲ့သည်။

ထိုအကြမ်းဖက်ဗုံးခွဲမှုအား မည်သည့်အဖွဲ့က ပြုလုပ်ခဲ့သနည်းမသိရှိရသေးဘဲ ပါကစ္စတန်တာလီဘန်အဖွဲ့(TTP) ပြောရေးဆိုခွင့်ရှိသူက ၎င်းတို့အဖွဲ့နှင့် ဗုံးကွဲမှုသက်ဆိုင်ခြင်းမရှိဟု ပြောကြားခဲ့သည်။ သို့သော် ၎င်းက TTP အဖွဲ့တာဝန်ရှိသူများဖြစ်သော ဆာဘာကတ်ဖ် မိုဟာမက်နှင့် အိုမာ မူကာရမ်တို့၏ ပေါက်ကွဲမှုက ၂၀၂၂ ခုနှစ်အတွင်း သေဆုံးခဲ့သော TTP အဖွဲ့ဝင် ခါလစ် ခိုရာဆာနီအတွက် လက်စားချေမှုဖြစ်မည်ဟု ပြောကြားချက်များနှင့်ပတ်သက်၍ တစ်စုံတစ်ရာဝေဖန်ပြောကြားမှုမပြုခဲ့ပေ။ TTP အဖွဲ့သည် ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်နှစ်နိုင်ငံစလုံးတွင် လှုပ်ရှားလျက်ရှိသော အကြမ်းဖက်စစ်သွေးကြွအဖွဲ့လည်းဖြစ်သည်။

ပါကစ္စတန်အာဏာပိုင်များကမူ ဗုံးကွဲမှု ကိုစုံစမ်းနေဆဲဟုပြောခဲ့ပြီး တစ်စုံတစ်ရာအတည်ပြုပြောကြားခြင်းမရှိသေးပေ။

ပက်ရှဝါမြို့သည် အာဖဂန်နစ္စတန်နှင့်နယ်နိမ်တ်ချင်းထိစပ်နေသော လူမျိုးစုများအများဆုံးနေထိုင်ရာခရိုင်အတွင်းတည်ရှိပြီး မကြာခဏဆိုသလို TTP အဖွဲ့ နှင့် အခြားစစ်သွေးကြွအဖွဲ့များ၏ အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားလေ့ရှိသောနေရာလည်းဖြစ်သည်။

Ref—CNN

Leave a Reply

Your email address will not be published. Required fields are marked *