
၆. ၇. ၂၀၂၅
Written by Phyo Wei
သီလဝါအထူးစီးပွားရေးဇုန်ကနေ ဂျပန်ကုမ္ပဏီတွေ ထွက်တော့မယ်လို့ မြန်မာ့စီးပွားရေးပြိုပျက်ပြီး အစိုးရပြုတ်ကျစေချင်သူတွေ သတင်းမှား လွှင့်နေပေမယ့် ဂျပန်အစိုးရနဲ့ မြန်မာအစိုးရဖက်စပ်ရှယ်ယာပါတဲ့သီလဝါကုမ္ပဏီ MTSH ရဲ့ အသားတင်အမြတ်ဟာ ပြီးခဲ့တဲ့ ၂၀၂၃ – ၂၀၂၄ ဘဏ္ဍာနှစ်က ကျပ် ၁၃၈၇ သန်းသာရှိပေမဲ့ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် အသားတင်အမြတ် ၁၃၂၃၁ သန်းအထိ ဆယ်ဆနီးပါးမြင့်တက်လာတဲ့ဖြစ်စဉ်ကို တွေ့ရပြီး ပြည်ပပြေး Exile Media တွေရဲ့ သတင်းမှားဖြန့်ဝေမှုတွေကို ပြည်သူတွေ သတိပြုစရာအဖြစ် တွေ့မြင်ခဲ့ရသလို တစ်ဖက်မှာလည်း လက်ရှိဘဏ္ဍာနှစ်သုံးလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာသန်း ၄၀ ကျော်သာ ဝင်ရောက်ထားတယ်ဆိုတဲ့ ဖြစ်စဉ်ကိုလည်း တွေ့မြင်ရပါတယ်။
အခြားတစ်ဖက်မှာလည်း သစ်တောဖုံးလွှမ်းမှုတိုးလာစေဖို့ နိုင်ငံ့ဧရိယာ ၃၀ ရာခိုင်နှုန်းကို ကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ်တောနဲ့ ၁၀ ရာခိုင်နှုန်းကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး နယ်မြေတွေအဖြစ် စီမံဆောင်ရွက်နေတယ်လို့ SAC ဥက္ကဋ္ဌ ပြောကြားလာတာ၊ ရူပီးကျပ် တိုက်ရိုက်ငွေပေးချေမှုစနစ်စတင်အပြီး မြန်မာစျေးကွက်မှာ ဝေစုအများဆုံး ရရှိလာတဲ့ အိန္ဒိယဆေးဝါးတွေကို မြန်မာနိုင်ငံမှာ ဆေးဝါးထုတ်ကုန် အတည်ပြုချက်အမြန်ဆောင်ရွက်ဖို့ အိန္ဒိယ-မြန်မာ ဆွေးနွေးနေတာ၊ စက်မှုဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု မြင့်မားလာစေရေးတို့အတွက် ခိုင်မာတဲ့ မူပိုင်ခွင့်စနစ် တည်ရှိဖို့လိုအပ်တယ်လို့ SAC ဥက္ကဋ္ဌ ပြောကြားလာတာ၊ မြန်မာနိုင်ငံမှာ တစ်နိုင်ငံလုံးဆန်ဖူလုံမှုက ၁၇၀ ရာခိုင်နှုန်းခန့်အထိရှိနေတယ်ဆိုတာ၊ ဒေဝါလီခံမှုတွေ၊ အာမခံနဲ့ After-Sales Service မပေးနိုင်တာတွေကြောင့် ဝေဖန်ခံနေရတဲ့ EV ကားစျေးကွက်မှာ တင်သွင်းသူတွေဟာ အာမခံမှု၊ အပိုပစ္စည်းရရှိနိုင်မှုနဲ့ After-Sales Service တွေ စီမံထားမှ တင်သွင်းခွင့်ပြုမယ်လို့ စီးပွားကူးသန်းဝန်ကြီးဌာနက သတ်မှတ်ပြီးသားဖြစ်သလို လက်ရှိ EV စျေးကွက်ခိုင်မာဖို အစိုးရက EV တင်သွင်းသူတွေ သတ်မှတ်ချက်နဲ့အညီ ကြပ်မတ်သင့်တယ်ဆိုတဲ့ အခြေအနေတွေအပြင် ၂၀၁၆ ခုနှစ်ကနေ ၂၀၂၀ ပြည့်နှစ်အထိ ပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေတွေ ပြန်လည်ဝင်ရောက်ဖို့ ကျန်ရှိတဲ့ ကုမ္ပဏီ ၁၉၇ ခုနဲ့ ကုမ္ပဏီရဲ့ ဒါရိုက်တာအဖွဲ့ဝင်တွေကို အမည်ပျက်စာရင်း ကြေညာရာမှာ ကရင်ပြည်နယ်က နယ်ခြားစောင့်တပ်ခေါင်းဆောင်မိသားစုပါဝင်ခဲ့တဲ့ဖြစ်ရပ်တွေရှိပေမဲ့ ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်အဖြစ်ကိုတော့ မြန်မာနိုင်ငံက EAEU အဖွဲ့ဝင်နိုင်ငံဖြစ်ဖို့ ကြိုးပမ်းလာတဲ့အကြောင်း၊ ဒီဘဏ္ဍာနှစ်မှာ စုစုပေါင်းရငွေ ကျပ်ဘီလျံ ၃,၆၉၀ ခန့် ပိုတိုးရရှိမှာဖြစ်ပေမဲ့ အသုံးစရိတ်ပိုင်း ကျပ်ဘီလျံ ၇,၇၃၀ ကျော်တိုးလာလို့ အရင်နှစ်ထက် လိုငွေပမာဏ ကျပ်ဘီလျံ ၄,၀၀၀ ကျော်အထိ တိုးမြင့်လာတယ်ဆိုတဲ့အကြောင်းနဲ့ လက်ရှိဘဏ္ဍာနှစ်မှာ GDP ကို အရင်နှစ်ထက် ဒေါ်လာ ၅ ဘီလျံကျော် တိုးတက်အောင် ဆောင်ရွက်နေချိန် ကမ္ဘာ့ဘဏ်က မှန်ကန်ပြည့်စုံမှုမရှိတဲ့ အချက်အလက်တွေကို အခြေခံလို့ မြန်မာ့စီးပွားရေးက အနုတ် ၂ ဒသမ ၅ ရခိုင်နှုန်းအထိ ကျဆင်းမယ်လို့ ခန့်မှန်းထားတယ်ဆိုတာကို တွေ့ရှိရတယ်လို့ SAC ဥက္ကဋ္ဌ ပြောကြားလာတဲ့အကြောင်းတွေကို သုံးသပ်ချင်ပါတယ်။
◾ EAEU အဖွဲ့ဝင်နိုင်ငံဖြစ်ရေး ကြိုးပမ်းမှု
မြန်မာနိုင်ငံဟာ ဥရောပအာရှစီးပွားရေးသမဂ္ဂရဲ့ မိသားစုအဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ဖို့ များစွာစိတ်အားထက်သန်လျက်ရှိသလို မြန်မာနိုင်ငံကို ဥရောပအာရှစီးပွားရေးသမဂ္ဂရဲ့ လေ့လာသူနိုင်ငံအဖြစ် ဆောလျင်စွာ ပါဝင်နိုင်ရေးအတွက် ထောက်ခံဆောင်ရွက်ပေးဖို့ အလေးအနက်ထား မေတ္တာရပ်ခံလိုပါကြောင်း နိုင်ငံပေါင်း ၃၃ နိုင်ငံ တက်ရောက်တဲ့ စတုတ္ထအကြိမ် ဥရောပ-အာရှ စီးပွားရေးဖိုရမ်က ကမ္ဘာ့ခေါင်းဆောင်တွေအလယ်မှာ SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တက်ရောက်မိန့်ခွန်းပြောကြားစဥ်တောင်းဆိုခဲ့တာကို တွေ့ရှိရပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံအပေါ် ကမ္ဘာ့အင်အားကြီးနိုင်ငံအချို့က လိုရင်လိုသလို၊ မလိုရင်မလိုသလို ပုံဖော်ပိတ်ဆို့နေမှုများစွာကို ဥရောပ-အာရှစီးပွားရေးသမဂ္ဂ(EAEU) နဲ့ ပူးပေါင်းဆောင်ရွက် ဖြေရှင်းရင် ပိုပြီး အင်အားရှိလာမယ်လို့ SAC ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက SAC ဥက္ကဋ္ဌရဲ့ ဘယ်လာရုစ်ခရီးစဉ်အပြန်မှာ ပြောကြားလာတာလည်း တွေ့ရပါသေးတယ်။
EAEU အဖွဲ့ဝင်နိုင်ငံအဖြစ် SAC ဥက္ကဋ္ဌတောင်းဆိုသလို တကယ်မဖြစ်လာခင်မှာကို လက်ရှိပူးပေါင်းဆောင်ရွက်မှုတွေနဲ့တင် EAEU နိုင်ငံတွေဖြစ်တဲ့ ရုရှား၊ ဘယ်လာရုစ်၊ ကာဇက်စတန်၊ ကာဂျစ်စတန်၊ အာမေးနီးယား စတဲ့နိုင်ငံတွေဟာ မြန်မာ့ကုန်ပစ္စည်းတွေအတွက် အလားအလာရှိတဲ့ ဈေးကွက်သစ်တွေ ဖြစ်လာနိုင်မှာပါ။ ဒါဟာ EU နဲ့ အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုများစွာကြောင့် အခက်အခဲကြုံနေရတဲ့ မြန်မာ့ပို့ကုန်တွေကို EAEU နိုင်ငံတွေဆီ တင်ပို့တာ၊ ဒီနိုင်ငံတွေက လာမြှုပ်နှံတာဟာ စီးပွားရေးပိတ်ဆို့မှု ဖိအားတွေကို လျှော့ချနိုင်မှာဖြစ်သလို စွမ်းအင်၊ သတ္တုနဲ့ စိုက်ပျိုးရေး ထုတ်ကုန်တွေအတွက် အခွင့်အလမ်းများစွာ ပေါ်ထွက်လာနိုင်တာကလည်း အမှန်ပါပဲ။ လက်ရှိမှာဆိုရင်လည်း မြန်မာနိုင်ငံနဲ့ EAEU ကုန်သွယ်မှုကဏ္ဍက ၂၀၁၉ ခုနှစ်ကစ သုံးဆတိုးလာပြီး ဒေါ်လာ ၁ ဒသမ ၅ ဘီလျံရှိလာပြီဖြစ်လို့ EAEU ထိပ်သီးအစည်းအဝေးဟာ မြန်မာနိုင်ငံအတွက် အကျိုးရှိခဲ့တယ်လို့ ပြောရမှာဖြစ်ပြီး ရုရှားနဲ့ လုပ်ဆောင်မယ့် ထားဝယ်အထူးစီးပွားရေးဇုန်မှာ ဒီနိုင်ငံတွေ လာမြှုပ်နှံဖို့ ဆွဲဆောင်ရာမှာလည်း အကျိုးဖြစ်ထွန်းစေမှာဖြစ်ပါတယ်။ သေချာတာကတော့ မြန်မာပြည်သူတွေကို ပြာပုံထဲတိုးစေဖို့နဲ့ အခက်အခဲအမျိုးမျိုးကြုံစေဖို့ အမေရိကန်၊ EU နဲ့ ILO ပိတ်ဆို့မှုတွေကို ထိုင်ငိုနေမယ့်အစား၊ အသနားခံနေမယ့်အစား တစ်ဖက်ကလည်း ဒီလို တစ်ဖက်သတ် လုပ်ဆောင်ချက်တွေ ပြေလျော့ဖို့နဲ့ EAEU နိုင်ငံဖြစ်ဖို့၊ စျေးကွက်အသစ်ရှာဖို့ကြိုးစားရမှာ သဘာ၀ကျတဲ့ လုပ်ရပ်သာဖြစ်လို့ မြန်မာနိုင်ငံအဖို့တော့ SAC ဥက္ကဋ္ဌရဲ့ ဒီခရီးစဉ်ကလည်း အကျိုးသေချာပေါက်ဖြစ်ထွန်းခဲ့တဲ့ ခရီးစဉ်လို့ သုံးသပ်ရမှာပါ။
◾ လိုငွေများဘတ်ဂျက်
မြန်မာနိုင်ငံအနေနဲ့ အရင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မှာ စုစုပေါင်းရငွေ ကျပ် ၂၄,၅၅၃ ဒသမ ၅၀၉ ဘီလျံရှိပြီး ဒီ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်မှာ စုစုပေါင်းရငွေ ကျပ် ၃၈,၂၄၂ ဒသမ ၃၁၁ ဘီလျံအထိရရှိမှာဖြစ်လို့ အရင်ဘဏ္ဍာနှစ်ထက် ကျပ် ၃,၆၈၈ ဘီလျံကျော် ပိုတိုးရရှိလာမှာပါ။ ဒီလိုပဲ အရင်ဘဏ္ဍာနှစ်မှာ မြန်မာနိုင်ငံအနေနဲ့ အသုံးစရိတ် ကျပ် ၃၈,၈၆၂ ဒသမ ၃၄၇ ဘီလျံသာရှိပြီး ဒီဘဏ္ဍာနှစ်မှာ အသုံးစရိတ် ကျပ် ၄၆,၅၉၅ ဒသမ ၂၃၁ ဘီလျံအထိရှိလာမှာဖြစ်လို့ အရင်ဘဏ္ဍာနှစ်ထက် အသုံးစရိတ် ကျပ် ၇,၇၃၂ ဘီလျံကျော်အထိ တိုးမြင့်လာမှာဖြစ်တာကြောင့် ဘတ်ဂျက်လိုငွေမှာလည်း အရင်နှစ်က ကျပ် ၄,၃၀၈ ဒသမ ၀၃၈ ဘီလျံသာရှိပြီး ဒီဘဏ္ဍာနှစ်လိုငွေဟာ ကျပ် ၈,၃၅၂ ဒသမ ၉၂၀ ဘီလျံအထိ ရှိလာမှာဖြစ်လို့ မနှစ်ကထက် ဒီနှစ်မှာ ဘတ်ဂျက်လိုငွေ ကျပ် ၄,၀၄၄ ဘီလျံကျော် မြင့်တက်လာတာ တွေ့ရပါတယ်။
ဒီနေရာမှာ ဝေဖန်သူတွေက စစ်ရေးအသုံးစရိတ်ကိုပဲ လက်ညှိုးထိုး ခေါင်းစဉ်တပ်နေကြတာ တွေ့ရပြီး တကယ့်ဖြစ်ရပ်ဆိုးဖြစ်တဲ့ မန္တလေးငလျင်ကြီးကြောင့် ပြည်နယ်နဲ့ တိုင်းဆယ်ခုက ပြိုပျက် ပျက်စီးတဲ့ နိုင်ငံပိုင်ရုံးတွေ၊ လမ်းတွေ၊ တံတားတွေ၊ ပြည်သူတွေအတွက် ဘိလပ်မြေသန်းချီအပြင် ငွေကြေးကုန်ကျစရိတ်တွေ ဒီအရာတွေအတွက် ကုန်ကျမှုကိုတော့ ထုတ်ပြောခဲ့တာကို မတွေ့ရပါဘူး။ တကယ်ဆို မြန်မာ့ငလျင်ဘေးဆိုးဟာ လူပေါင်း ၄၀၀၀ နီးပါး သေဆုံးခဲ့ပြီး ၅,၀၀၀ ကျော် ဒဏ်ရာရရှိခဲ့တဲ့အပြင် လူနေအိမ် ၅၁,၂၁၀ လုံး၊ လမ်းလုပ်ငန်း ၄၃၁ ခု၊ တံတား ၁၀၃ စင်း၊ ရထားလမ်းပျက်စီးနေရာ ၈၃ နေရာ၊ ရထားလမ်းတံတား ၁၁ စင်း၊ မိုဘိုင်းဆက်သွယ်ရေးစခန်း ၆,၇၃၀ ခု၊ မဟာဓာတ်အားလိုင်း ၁၀ လိုင်း၊ ဓာတ်အားလိုင်းတိုင် ၃,၄၃၅ တိုင်၊ ဆည်မြောင်း ၅၉၄ ခု၊ တာတမံ ၆ ခု၊ ဌာနအဆောက်အဦ ၁၁,၃၃၈ လုံး၊ ဆေးရုံ ၃၈၄ ရုံ၊ ဆေးခန်း ၃၆၄ ခန်း၊ ရှေးဟောင်းအဆောက်အဦနဲ့ ပြတိုက် ၁၆၆ ခု၊ အခြေခံပညာကျောင်း ၂,၄၀၉ ကျောင်း၊ အဆင့်မြင့်ပညာကျောင်း ၇၂ ကျောင်း၊ ပုဂ္ဂလိကစာသင်ကျောင်း ၉၀၊ ဘုရားစေတီ ၆,၄၆၉ ဆူ၊ ဘုန်းကြီးကျောင်း သီလရှင်ကျောင်းနဲ့ အခြားဘာသာရေးအဆောက်အဦ ၅,၅၈၈ ခု၊ ပုဂ္ဂလိကစက်ရုံအလုပ်ရုံ ၃၄၄ ခု၊ သီးနှံ ၇၈ ဒသမ ၅ ဧက၊ တိရစ္ဆာန် ၁၃၃,၇၀၀ ကောင် ထိခိုက်ပျက်စီးခဲ့ရပြီး ကျပ်ဘီလျံ ၄၀၀၀ ခန့် ဆုံးရှုံးခဲ့ရတာပါ။
ဒီလောက်ဆုံးရှုံးမှုကြီးမားပေမဲ့ မြန်မာ့ငလျင်ဘေးဆိုးကြီးဟာ အာရှဖွံ့ဖြိုးရေးဘဏ်က ဒေါ်လာ သန်း ၁၀၀ ကူညီမယ်ဆိုတာကလွဲရင် ကျန်တဲ့နိုင်ငံတွေ အဖွဲ့အစည်းတွေကူညီမှုကလည်း သူတို့လာပြီး ကူညီတဲ့စရိတ်ပဲ သူတို့ကျခံသွားတဲ့အခြေအနေဖြစ်လို့ လောက်လောက်လားလားထောက်ကူမှုမရှိတာကြောင့် မြန်မာနိုင်ငံက ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) အကြီးအကဲ Titon Mitra ကတောင် မြန်မာ့ငလျင်ဘေးက ကမ္ဘာ့အမေ့ခံဖြစ်နေပြီး ငလျင်ဒဏ်ခံရသူတွေ ဘဝပြန်လည်ထူထောင်နိုင်ဖို့ နိုင်ငံတကာအသိုက်အဝန်းက ဆက်လက်ပံ့ပိုးကူညီမှုတွေ ပေးအပ်ဖို့ ထွက်ပြောလာတာတောင် တွေ့ရပါသေးတယ်။
ဘယ်လိုဖြစ်ဖြစ်တော့ ဘတ်ဂျက်ကုန်ကျစရိတ်တွေ တက်လာတာ အမှန်ဖြစ်ပြီး ဒီလိုမျိုးလိုငွေတွေဟာ ဖောင်းပွနေတဲ့ ကျပ်ငွေစျေး၊ မြင့်တက်နေတဲ့ ကုန်စျေးနှုန်းအပေါ် သိသိသာသာ ဂယက်ရိုက်မှာဖြစ်လို မလိုအပ်တဲ့နေရာ မသုံးဖို့၊ PDF တွေ မကြာခဏ လာဖျက်ဆီးတဲ့ နေရာမျိုးတွေ ငွေအလဟဿအကုန်ခံမပြင်ဖို့၊ ထိရောက်အကျိုးရှိစွာသုံးပြီး အဂတိတွေ စိစစ်နိုင်ဖို့ စနစ်တကျ ကြပ်မတ်နိုင်ဖို့တော့ လိုအပ်မှာဖြစ်ပါတယ်။
◾ အမြဲတမ်းမမှန်တဲ့ ကမ္ဘာ့ဘဏ်
မြန်မာ့စီးပွားရေးနဲ့ ပတ်သက်လို့ရှိရင် နှစ်စဉ်အတက်အကျအခြေအနေတွေကို ခန့်မှန်းကြတဲ့ ကမ္ဘာ့ဘဏ်တို့၊ အာရှဖွံ့ဖြိုးရေးဘဏ်တို့၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့တို့ သုံးသပ်ချက်တွေက အမြဲတမ်းအမှန်တရားဘက်မှာရှိနေသလားဆိုရင် အမြဲတမ်းမှန်တဲ့ အဖွဲ့အစည်းကတော့ မရှိဘူးလို့ အတိအကျပြောရမှာဖြစ်ပြီး သုံးသပ် ခန့်မှန်းတဲ့ ကမ္ဘာ့ဘဏ်တို့၊ အာရှဖွံ့ဖြိုးရေးဘဏ်တို့၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့တို့တောင်မှ ဘဏ္ဍာနှစ်တစ်နှစ်စာ ခန့်မှန်းချက်တွေဟာ တစ်ကြိမ်နဲ့တစ်ကြိမ်မတူဘဲ အခြေအနေအရပ်ရပ်အပေါ်မှာ သုံးသပ်ရလို့ တစ်ကြိမ်နဲ့တစ်ကြိမ် ကွဲလွဲတာတွေ အမြဲမြင်ရပါတယ်။
အခုလည်း လက်ရှိဘဏ္ဍာနှစ်မှာ SAC အစိုးရက GDP ကို အရင်နှစ်ထက် ဒေါ်လာ ၅ ဘီလျံကျော် တိုးတက်အောင် ဆောင်ရွက်နေချိန်မှာ ကမ္ဘာ့ဘဏ်ကတော့ မြန်မာ့စီးပွားရေး အနုတ် ၂ ဒသမ ၅ ရာခိုင်နှုန်းအထိ ကျဆင်းမယ်လို့ ခန့်မှန်းခဲ့တာကြောင့် ဒီခန့်မှန်းချက်ဟာ မှန်ကန်ပြည့်စုံမှုမရှိတဲ့ အချက်အလက်တွေကို အခြေခံတာလို့ SAC ဥက္ကဋ္ဌက တုံ့ပြန်လိုက်တာလည်း တွေ့ရပါတယ်။
ဒီနေရာမှာ သုံးသပ်မယ်ဆိုရင် ကမ္ဘာ့ဘဏ်ဟာ ဒီစီးပွားရေးကျဆင်းမှု သုံးသပ်ချက်ကို မြန်မာ့ငလျင်ဘေးကြောင့်ဆိုတာကို အဓိကထားတွက်ဆခဲ့တာကို သူ့ထုတ်ပြန်ချက်မှာမြင်ရပြီး ငလျင်ဘေးကြောင့် တိုက်ရိုက်ပျက်စီးဆုံးရှုံးမှုကို ဒေါ်လာ ၁၁ ဘီလျံလောက်ရှိမယ်လို့ တွက်ဆခဲ့တာ တွေ့ရပါတယ်။ ငလျင်ဘေးမှာ ကမ္ဘာက မကူညီတာ၊ လူထုသန်းချီဒုက္ခရောက်ပြီး စက်ရုံအလုပ်ရုံတွေ၊ အိမ်တွေ၊ ဓာတ်အားပေးလိုင်းတွေ ပျက်စီးမှုကို အဓိကထား တွက်ဆခဲ့တာကြောင့် GDP က ၂ ဒသမ ၅ ဘီလျံကျမယ်ပြောခဲ့တာပါ။ ကမ္ဘာ့ဘဏ်ဟာ ၂၀၂၁ ခုနှစ်တုန်းကလည်း နွေဦးတော်လှန်ရေးကြောင့် NLD ထောက်ခံသူအများစုက အလုံးစုံပျက်သုဉ်းရေးလုပ်လို့ မြန်မာ့စီးပွားရေးက အနှုတ် ၁၈ ရာခိုင်နှုန်းအထိ ကျဆင်းမယ်လို့ ခန့်မှန်းခဲ့ပေမဲ့လည်း ၂၀၂၂ ခုနှစ်မှာတော့ ၃ ဒသမ ၄ ရာခိုင်နှုန်းအထိ ပြန်တက်လာတာကြောင့် သူ့ခန့်မှန်းချက် အကြီးအကျယ်လွဲဖူးတဲ့အဖွဲ့လည်း ဖြစ်ပါတယ်။
ဒါ့အပြင် ဂျပန်က Nikkei ရဲ့ ၂၀၂၅ ခုနှစ် မေလအတွက် ထုတ်ပြန်တဲ့ S&P Global မြန်မာ့ထုတ်လုပ်မှု Purchasing Managers’ Index (PMI) စစ်တမ်းအရလည်း ငလျင်ဒဏ်ကြောင့် ကျဆင်းခဲ့တဲ့ မြန်မာ့ကုန်ထုတ်လုပ်မှုဟာ ပြီးခဲ့တဲ့ ဇွန်လမှာ ပြန်လည်နာလန်ထူလာပြီး နှစ်နစ်ကျော်အတွင်း ပထမဆုံးအကြိမ် အလုပ်ခန့်အပ်မှုတိုးလာတယ်လို့ ဖော်ပြခဲ့တာတွေ့ရလို့ ငလျင်တစ်ခုတည်းအပေါ် ကွက်ပြီးအကဲဖြတ်ထားတဲ့ ကမ္ဘာ့ဘဏ်ရဲ့ စစ်တမ်းဟာ ဘဏ္ဍာနှစ်အစ သုံးလမှာတင် Nikkei စစ်တမ်းအရ မှားနေပြီဆိုတာ တွေ့ရပြီး ငလျင်ဒဏ်ထိသူပြည်သူတွေ ခေါင်းထောင်ထလာနေပြီဆိုတာ တွေ့မြင်လာရပါတယ်။ ငလျင်ဘေးဟာ ခက်ခဲကြီးမားတယ်ဆိုပေမဲ့ အမှန်တကယ်ပြောရမယ်ဆိုရင် ၂၀၂၁ နွေဦးတော်လှန်ရေးဖျက်အားလောက်မပြင်းထန်တာမို့ ကမ္ဘာ့ဘဏ်ပြောသလို မြန်မာ့ဂျီဒီပီ ကျဆင်းမှုထက် SAC ဥက္ကဋ္ဌကြိုးပမ်းနေတဲ့ မြန်မာ့ GDP အရင်နှစ်ထက် ဒေါ်လာ ၅ ဘီလျံကျော် တိုးတက်အောင် ဆောင်ရွက်နေမှုကပဲ ဒီနှစ်ကုန်မှာ မှန်ကန်သွားမယ့်အခြေအနေပါလို့ သုံးသပ်မိရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက် ရပ်နားပါရစေ။
