
၆. ၇. ၂၀၂၅
Written by Nay Moe
အိုမန်နိုင်ငံ၊ ဆိုဟာရ် ဝီလာယတ်မြို့တွင် မြန်မာနိုင်ငံသား ပြည်ပရောက် အမျိုးသမီးတစ်ဦးကို နိုင်ငံတူ မြန်မာအမျိုးသမီးငယ်အား သတ်ဖြတ်မှုဖြင့် ယနေ့ ဖမ်းဆီးလိုက်သည်ဟု သိရသည်။
အိုမန်တော်ဝင်ရဲတပ်ဖွဲ့ (ROP) ၏ ထုတ်ပြန်ချက်အရ အိုမန်နိုင်ငံမြောက်ပိုင်း အယ်လ်ဘာတီးနားရှိ ရဲဌာနချုပ်မှ မြန်မာနိုင်ငံသား ပြည်ပရောက် အမျိုးသမီးတစ်ဦးကို ယနေ့ ဖမ်းဆီးခဲ့ကြောင်း၊ အဆိုပါ အမျိုးသမီးသည် ဆိုဟာရ် ဝီလာယတ်မြို့ရှိ အလုပ်သမားခေါ်ယူရေးရုံးနှင့် ဆက်စပ်နေသော နေအိမ်တစ်လုံးတွင် ၎င်းနှင့် နိုင်ငံတူ မြန်မာအမျိုးသမီးတစ်ဦးကို သတ်ဖြတ်ပြီးနောက် ထွက်ပြေးတိမ်းရှောင်နေသူဖြစ်ကြောင်း ဖော်ပြထားသည်။
“ကျူးလွန်သူအပေါ် ဥပဒေလုပ်ထုံးလုပ်နည်းများနဲ့အညီ ဆောင်ရွက်နေပါပြီ” ဟု ROP က ထပ်လောင်းပြောကြားခဲ့သည်။

ROP ၏ ထုတ်ပြန်ချက်တွင် အသေးစိတ်ဖော်ပြထားမှုမရှိသော်လည်း အိုမန်ရောက် မြန်မာအသိုင်းအဝိုင်းအကြားတွင် သတ်ဖြတ်ခံရသူ မယုနန္ဒာဆိုသော အမျိုးသမီးငယ်မှာ အလုပ်သမားရုံးထိုင်ဖြစ်ပြီး ရေချိုးခန်းအတွင်း ယနေ့နံနက်ပိုင်းက သတ်ဖြတ်ခံထားရကြောင်း၊ သတ်ဖြတ်သူမှာ ဇူလိုင် ၁ ရက်ကမှ အိုမန်နိုင်ငံသို့ရောက်လာသူအိမ်အကူဖြစ်ပြီး Sein Mya ဆိုသည့် Facebook ကို အသုံးပြုသူ လွင်မာမြင့် ဆိုသူ ဖြစ်ကြောင်း၊ ထိုအမျိုးသမီးက မုဒိမ်းမှုကျူးလွန်ခံရသည်ဟုဆိုသဖြင့် မယုနန္ဒာက ဖြေရှင်းပေးရန် ခေါ်ထားစဥ် သတ်ဖြတ်လိုက်ခြင်းဖြစ်ကြောင်း စသဖြင့် ရေးသားနေသော်လည်း MT News က ထိုအချက်အလက် မှန်မမှန် အတည်မပြုနိုင်သေးဘဲ အသေးစိတ် စုံစမ်းဆဲသာဖြစ်သည်။
Ref, TAS
